Friday, November 18, 2011

တရုတ်၊ ရုရှား ကုမ္ပဏီများ လာဘ်ပေး လာဘ်ယူ အများဆုံး


တရုတ်၊ ရုရှား
တရုတ်နှင့် ရုရှား ကုမ္ပဏီ များသည် နိုင်ငံရပ်ခြား တိုင်းပြည်များတွင် စီးပွားရေး လုပ်ငန်း လုပ်ဆောင်ရာတွင် လာဘ်ပေး လာဘ် ယူမှု အများဆုံးပြုလုပ်သော ကုမ္ပဏီများဖြစ်ကြောင်း အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး အဖွဲ့ ဖြစ်သော Transparency International အဖွဲ့၏ စစ်တမ်းကိုကိုးကား၍ BBC သတင်းဌာနတွင် ဖော်ပြထားသည်။ နိုင်ငံပေါင်း ၂၈ နိုင်ငံရှိ စီးပွားရေးသမား ၃၀ဝ၀ ကျော်ကို လာဘ်ပေးမှု ကိစ္စနှင့်ပတ်သက်၍ မေးမြန်းကောက်ယူ ထား သော Transparency International အဖွဲ့၏စစ်တမ်းအရ တရုတ်နှင့် ရုရှားကုမ္ပဏီများသည် လာဘ်ပေး လာဘ်ယူမှု အများဆုံးဖြစ်ပြီး နယ်သာလန်နှင့် ဆွစ်ဇာလန်ကုမ္ပဏီများမှာ လာဘ် ပေးမှုအနည်းဆုံးဖြစ်သည်။
အဆိုပါစစ်တမ်းတွင် အများပြည်သူနှင့်ဆိုင်သော လုပ်ငန်းများနှင့် ဆောက်လုပ်ရေးကန် ထရိုက်လုပ်ငန်းများကို လာဘ်ပေးလာဘ်ယူမှု အများဆုံးနယ်ပယ်များအဖြစ်ဖော်ပြထားသည်။ လာဘ်ပေး လာဘ်ယူမှုပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာနိုင်ငံရှိလူ့အဖွဲ့အစည်းတွင် ဆိုးကျိုးများ သက်ရောက်စေနိုင်ပြီး ကုမ္ပဏီများ၏ဈေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်ရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ “အစိုးရတွေအနေနဲ့လာဘ်ပေး လာဘ် ယူမှုကို အမြန်ဆုံးကိုင်တွယ် ဖြေရှင်းသင့်တယ်” ဟု Transparency International အဖွဲ့ဥက္ကဋ္ဌ Hugette Labelle က ပြောကြားသည်။
အကျင့်ပျက်လာဘ်စားသော အစိုးရများရှိသည့်နိုင်ငံများမှကုမ္ပဏီများမှာ လာဘ်ပေးလာဘ်ယူမှု အများဆုံးဖြစ် ပြီး အမှိုက်သိမ်းလုပ်ငန်း၊ လမ်းတည်ဆောက်ရေးလုပ်ငန်း စသည့်အများ ပြည်သူနှင့်ဆိုင်သောလုပ်ငန်းများတွင် လာဘ်ပေးမှုအများဆုံးဖြစ်သည်။ လုပ်ငန်းပမာဏကြီးမား၍ ကန်ထရိုက် ခွဲများစွာပါဝင်သော အများပြည်သူနှင့်ဆိုင်သော ကန်ထရိုက်ကြီးများမှာ လုပ်ငန်းကုန်ကျစရိတ် ပိုမိုတင်ပြရန်နှင့် လာဘ်ပေးလာဘ်ယူမှုပြုလုပ်ရန်ဖြစ်နိုင်ခြေ ပိုများကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။ အခြေခံ အဆောက်အဦ: တည်ဆောက်ရေးလုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများတွင် လာဘ်ပေး လာဘ်ယူမှုများပြုလုပ်ခြင်းကြောင့် အန္တရာယ် ကင်းရှင်းရေး စံသတ်မှတ်ချက်များ ပြည့်မီခြင်းမရှိတော့ဘဲ အများပြည်သူများတွင် ဆိုးကျိုးများဖြစ်ပေါ်စေကြောင်း Transparency International အဖွဲ့၏ စစ်တမ်းတွင်ဖော်ပြထားသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text