Saturday, November 5, 2011

မြန်မာပြည်တောင်ဖျားက မြိတ်ကျွန်းစု အလှများ

သို့သော် ရေလမ်းကြောင်း မသိဘဲ စက်လှေသွား၍မရ၊ ထို့ကြောင့် ထိုရွာသို့သွားနေသော စက်လှေတစ်စင်းကို ရေလမ်းကြောင်းပြ၍ ရွာဆိပ်ခံတံတားသို့ ကပ်ရသည်။ ရွာမှာသိပ် မကြီးလှပါ၊ တစ်ရွာလုံး ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသဖြင့် ငါးနံ့များ လှိုင်နေသည်။ ကျွန်တော်၏ မြိတ်ကျွန်းစုခရီးစဉ်သည် အမှန်စင်စစ် မြိတ်ကျွန်းစုများတွင် နေထိုင်လျက်ရှိသော လူနည်းစု ဖြစ်သည့် မော်ကင်း (Morken)ခေါ်ဆလုံများ ၏လူနေမှုဘဝ၊ စရိုက်လက္ခဏာ များကို လေ့လာရန် ဖြစ်သည်။ တစ်ချိန်က မော်ကင်းခေါ်ဆလုံ များသည် လှေကို နေအိမ်လုပ်ကာ မိသားစုတစ်စုလုံး ပင်လယ်တွင်းတွင် နေထိုင်ကြသူများ ဖြစ်သည်။ လှေပေါ်တွင်မိသားစု တစ်စုလုံး အပြင်အိမ်မွေးခွေး နှင့်ကြက်များပါမကျန်တင်၍ မိုးရာသီအချိန်မှလွဲ၍ ပင်လယ်ပြင်အတွင်းသာ ပျော်မွေ့အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်သည်။ မိုးရာသီတွင်လေမိုးထန် ၍လှိုင်းကြီးသောကြောင့် ကျွန်းများပေါ်တွင်အုပ်စုလိုက်ခြေတံရှည်အိမ်များ ဆောက်ကာယာယီနေထိုင်ကြသည်။ ကျေးရွာနေအိမ်ဟူ၍ အခြေတကျမရှိ၊ မိုးကုန်သည်နှင့်ပင်လယ်တွင်းထွက်ကာရေလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းရှာကြပြန်သည်။ တစ်ချိန်က မြိတ်ကျွန်းစုလေးများသည် မြန်မာ တစ်လှည့် ၊ယိုးဒယားတစ်လှည့်အုပ်စိုးခဲ့သော်လည်း အုပ်ချုပ်မှုဆက်သွယ်မှု ကမ်းလှမ်းမမှီသောကြောင့် မြိတ်ကျွန်းစုများရှိရာ ပင်လယ်ပြင်သည် ပသျူး ခေါ်မလေးများက ပင်လယ်ဓါးပြများသဖွယ်လက်နက်ကိုင်၍ စိုးမိုးအနိုင်ကျင့် ခဲ့ကြသည်။ ထို့နောက်ပိုင်းကိုလိုနီမဖြစ်မီနှင့်ကိုလိုနီတစ်လျှောက်တွင်လည်း ဥရောပသားပင်လယ်ဓါးပြသာသာ လက်နက်အားကိုးများက ကြီးစိုးဗိုလ်လုပ် ခဲ့ကြသဖြင့် မော်ကင်းခေါ်ဆလုံတို့သည် အတည်တကျနေထိုင်ခြင်းမရှိဘဲ ပင်လယ်ပြင်အတွင်းတွင်သာလှည့်လည်နေကြရသည်။ ပင်လယ်ဆားငန် ရည်နှင့်အမြဲထိတွေ့နေရသောကြောင့် မော်ကင်းဆလုံတို့သည်အသားအရည် ခြောက်သွေ့မည်းနက်နေပြီး နီကြောင်ကြောင်ဆံပင်များဖြင့် ခန္ဓာကိုယ် သေးငယ်ကြုံလှီလှသည်။ ယခင်က မော်ကင်းခေါ်ဆလုံတို့ သည်ပင်လယ် ပြင်အတွင်းသာအနေများသဖြင့်ယောက်ျား၊ မိန်းမ၊အပျိုအအိုမကျန်အပေါ် ပိုင်း အင်္ကျီမဝတ်၊အောက်ပိုင်းတွင်သာဝတ်ဆင်ကြသည့်အတွက် ထူးခြား သူများဖြစ်ခဲ့သည်။ ကမ္ဘာမှလည်း စိတ်ဝင်စားခြင်းခံရသောရေပျော်လူမျိုးအဖြစ် သတ်မှတ် ခဲ့ကြသည်။ သို့ရာတွင် ပြည်တွင်းသောင်းကျန်းမှုချုပ်ငြိမ်းပြီး မြိတ်ကျွန်းစုကြီး တည်ငြိမ်အေးချမ်းလာသောအခါ မော်ကင်းခေါ်ဆလုံတို့သည် ကျွန်း၊ကုန်း မြေများတွင် အခြေတစိုက်နေထိုင်လာကြပြီဖြစ်သည်။ ယခင်က သူတို့ကျွမ်း ကျင်ခဲ့သောရေပေါ်ရေအောက်မှစီးပွားရေးလုပ်ငန်းများကို ရွာမှထွက်၍ ပင်လယ်တွင်းတွင်သွားရောက်လုပ်ကိုင်ပြီး အခြေတကျရွာများသို့ ပြန်လည် လာရောက်နေထိုင်ကြပြီဖြစ်သည်။ ယခင်ကလူသူမနီးသောကျွန်းများပေါ် ၌ရာသီဥတုဆိုးရွားမှုကို ရှောင်ရှားကာခေတ္တခိုလှုံခဲ့သော်လည်း ယနေ့အခါတွင်မှု ရွာကြီးများတည်၍ ခေတ်မီဖွံ့ဖြိုးသော ရေလုပ်ငန်းများဖြင့် စီးပွားရှာတတ် နေပြီဖြစ်သည်။ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်၊ ဒုန်းကျွန်း (Done Island)၊ တနင်္သာရီမြို့နယ်၊ ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်း၊ ဘုတ်ပြင်းမြို့နယ်၊မကြုံဂလက်ကျေးရွာနှင့်ညောင်ဝိကျေးရွာများသည် ဆလုံ များနေထိုင်လျက်ရှိသောမြို့နယ်များနှင့်ကျွန်းများဖြစ်သည်။ မော်ကင်း ခေါ်ဆလုံတို့၏ဓလေ့ထုံးစံ၊ ဆလုံတို့၏လူနေမှုပုံစံများသည်လည်း အခြားသော ကျွန်းသားများကဲသို့ သာ ဖြစ်လာပြီး ယခင် က သူတို့၏လူနေမှု ပုံစံများကို ပင်လယ် ပြင်အတွင်း သူတို့ အလုပ်လုပ်ချိန်များတွင်သာ တွေ့နိုင်တော့မည်ဖြစ်သည်။ အမှန်စင်စစ် ယခင်က ကျွန်တော်တို့ဖတ်ဖူးလေ့လာဖူးသောမော်ကင်းခေါ်ဆလုံတို့၏လူနေ မှုပုံစံများမှာ တဖြည်းဖြည်းပျောက်ကွယ်နေပြီဖြစ်ပြီး သာမန်ကျွန်းသားများ၏ လူနေမှုပုံစံအတိုင်းသာမြင်တွေ့ရတော့မည်ဖြစ်သည်။ ကျွန်တော်တို့သည် တောပြားကြီးတံငါရွာကလေးတွင် ခေတ္တနားပြီး ရည်မှန်းချက်ဖြစ်သောစခန်းသစ်ရွာသို့ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်း တွင်ရောက်ရှိသည်။ စခန်းသစ်ကျွန်းကို အင်္ဂလိပ်တို့က'ဆယ်လာကျွန်း' Sellore Island ဟုအမည်ပေးထားပြီး စခန်းသစ်ရွာသည် ကျွန်း၏အနောက် ဖက်ရှိ လှိုင်းကွယ်လေကွယ်သော 'အော်' လေးတစ်ခုတွင်းတွင်တည်ရှိသည်။ ကမ်းနားတစ်လျှောက်ကွက်လပ်မရှိ၊ ပြည့်ညပ်နေသောခြေတံရှည်အိမ်ကြီး အိမ်ကောင်းများ၊အုတ်တိုက်များ၊တောင်ရိုးပေါ်မှစေတီ၊ပုထိုးများ၊ခေတ်မှီ ကုန်းဘောင်ကြီးများ၊ ကျောင်းအုတ်တိုက်များ ၊ နေအိမ်ခေါင်မိုးများပေါ်တွင် စလောင်းများ၊ တောင်တန်းထိပ်ရှိဆက်သွယ်ရေးတာဝါတိုင်များရှိပြီး ကျွန်းစု ကျွန်းငယ်များ အနက်အကြီးမားဆုံးသောရေလုပ်ငန်းရွာတန်းရှည်ကြီးဖြစ် သည်။ရွာ၏အလယ်တည့်တည့်တွင်ခိုင်ခံ့သပ်ယပ်သော သိရိမင်္ဂလာအမည်ရှိ ဆိပ်ခံသစ်သားတံတားကြီးကိုမြင်လိုက်သည်နှင့် ပင်စခန်းသစ်ရွာသည်စီးပွားဖြစ် ထွန်း၍ချမ်းသာသောရွာကြီးတစ်ရွာဖြစ်မည်ဟုခန့်မှန်းမိသည်။ စခန်းသစ်ရွာ ရေပြင်ကျယ်ကြီးအတွင်းပုဇွန်မွေးသောရေပေါ်အိမ်များ အမြောက်အများတွေ့ ရသည်။ဆိပ်ကမ်းတစ်လျှောက်တွင်ပုံစံမျိုးစုံ၊အရွယ်မျိုးစုံစက်လှေများဆိုက် ကပ်ထားပြီး လူအများပျားပန်းခတ်မျှသွားလာလှုပ်ရှားနေကြသည်။ လှေများ တွင် အရောင်မျိုးစုံ၊ အလံငယ်များလွှင့်ထူထားပြီး ကင်းမွန်မီးထွန်းလှေ ၊ပလာ တူးလှေ၊ ပုဇွန်လှေစသဖြင့်ရှိနေကြသည်။ နောက်မှသိရသည်မှာကျွန်တော်တို့ ရောက်သည့်အချိန်တွင်စခန်းသစ်ရွာ၌တစ်ရွာလုံးက ကိုးကွယ်သောဘုန်းတော် ကြီးကျောင်း၏ကထိန်ဖြစ်ပြီးညပိုင်းတွင်လည်းမြိတ်မှလာကသည့်ပြဇာတ် ပါဝင်သောဘုရားပွဲရှိသည့်အတွက်တစ်နှစ်လျင်တစ်ခါလုပ်သောပွဲဖြစ်သော ကြောင့် စခန်းသစ်တစ်ရွာလုံးမှာ ငါးဖမ်းလှေများပင်လယ်ပြင်သို့ မထွက် ကြရန် ညှိနှိုင်းထားခြင်းကြောင့်ဟု သိရသည်။ စခန်းသစ်ရွာသည် မူလက တည်းက လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊စတိုးဆိုင်၊ဈေးစသဖြင့်ရှိသည့် အပြင် ကျွန်တော်တို့ရောက်သည့် အချိန်၌ ဘုရားပွဲပါရှိနေသောကြောင့် ဘုရားပွဲဈေးဆိုင်များ၊ နီးစပ်သော ကျွန်းရွာများမှ ဘုရားပွဲလာသူများနှင့် စည်ကားလျက်ရှိသည်ကိုတွေ့ရသည်။ ရွာလယ်လမ်းမများသည် ကိုယ်ထူ ကိုယ်ထကွန်ကရစ်လမ်းများခင်းထား ပြီး တစ်ရွာလုံးကို ကိုယ်ပိုင်မီးစက်ဖြင့် လျှပ်စစ်မီးပေးထားသည်။ မြိတ်ကျွန်းစု ရှိကျွန်ရွာများတွင် စခန်းသစ်ရွာသည် အိမ်ခြေ၃ဝဝဝကျော်ရှိပြီး အကြီးဆုံး ဖြစ်ကြောင်းသိရသည်။ ကျွန်တော်တို့ အဖွဲ့ကိုကျေးရွာကောင်စီဥက္ကဌအိမ်၌ ပင် တည်းခိုခွင့်ပေးပြီးကျေးရွာ၏အခြေ အနေများ လေ့လာခွင့်ရသည် စခန်း သစ်ရွာတစ်ဝိုက်ပင်လယ်ပြင်သည် ငါးမျိုးစုံရသောဒေသ ဖြစ်သဖြင့်စခန်း သစ်ရွာသည် စီးပွားရေးကောင်းမွန်ပြီး ရွာသူရွာသားများမှာများသောအားဖြင့် တက္ကသိုလ်မှ ဘွဲ့ရပညာတတ်များ ဖြစ် ကြသည်။ကျွန်တော်တို့ရောက်ရှိသည့် ညဉ့်တစ်ညဉ့်လုံး၉နာရီမှ နံနက်၆နာရီ မိုးလင်းသည်အထိ ဘုရားပွဲမှဇာတ် ကသည်။ ဘုရားပွဲပြုလုပ်သည့်နေရာ နှင့်ကျွန်တော်တို့တည်းခိုသောဥက္ကဌ အိမ်မှာ ကပ်လျက်ရှိသဖြင့် ထိုဇာတ်ပွဲ ၏လော်စပီကာသံကြောင့် တစ်ညလုံး အိပ်ပျော်လိုက်သည်ဟု မထင်မိ။ နံနက်စောစောနေမထွက်မီ စခန်းသစ်ကျေးရွာဥက္ကဌမှ ကျွန်တော် အားစခန်းသစ်ကျွန်း၏ အရှေ့ဖက်ခြမ်း၊ နေထွက်ချိန် ဓါတ်ပုံရိုက်နိုင်ရန် သူ၏မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပို့သည်။ ထို့အပြင်သူတို့၏မိသားစုပိုင်စက်လှေဖြင့် စခန်းသစ်ကျွန်းကြီးပေါ်ရှိ တံငါ ရွာများမှငါးလုပ်ငန်းများ၊မွေးမြူရေးလုပ်ငန်းများကို တကူးတကလိုက်လံ ရှင်းလင်းပြသခဲ့သည်။ အပြန်တွင် ကတန်ကျွန်းကြီးသို့သွားရောက်လေ့ လာသည်။ ကတန်ကျွန်းပေါ်တွင် ဒေသခံကျေးရွာများအပြင် အစိုးရရုံး ဌာနအဆောက်အအုံကြီးများ တည်ရှိသည်။ အမှန်စင်စစ် တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းဒေသရှိ မြိတ် ကျွန်းစုကြီးအား ကျွန်းပေါင်း ၈ဝဝကျော်ဖြင့် ကြီးမားသောပင်လယ်ဧရိယာ အတွင်းတွင်တည်ရှိခြင်းဖြစ်သော်လည်း ကျွန်တော်ရောက်ခဲ့သောကျွန်းစု၊ ကျွန်းငယ်ကလေးများမှာ ဆယ်ဂဏန်းမျှပင်မပြည့်လှပါ။ တနင်္သာရီဒေသ သည် ကုန်းတွင်းပိုင်းနှင့်ပင်လယ်ပိုင်းဟူ၍ နှစ်ပိုင်းရှိရာဒေသအတွင်း နေထိုင် ကြသောတိုင်းရင်းသားများသည်လည်း သီးခြားယဉ်ကျေးမှုဓလေ့စရိုက် ကိုယ်ပိုင်အသွင်အပြင် လက္ခဏာများဖြင့်ရှိကြသော တိုင်းရင်းသားများ ဖြစ်ပါ သည်။ ခေတ်အဆက်ဆက်အုပ်ချုပ်မှုပုံစံမျိုးစုံဖြင့် ဖြတ်သန်းလာခဲ့ရသော တနင်္သာရီကမ်းရိုးတန်းဒေသသည် ယနေ့အခါတွင် ဖွံ့ဖြိုးတိုးတက်မှုအရှိန် အဟုန်ပြင်းစွာဖြင့် မြန်မာနိုင်ငံ၏အရေးကြီးဆုံးသော စီးပွားရေးကဏ္ဍတွင် ရှေ့တန်းမှ ပါဝင်လာပြီဖြစ်သည်။ တနင်္သာရီကမ်းရိုးတန်းနှင့် တောင်တန်းေ ဒသတို့တွင် တန်ဘိုးရှိလှသောသစ်ပင်များ ၊ သဘာဝတောရိုင်းတိရစ္ဆာန်များ၊ လူသူအရောက်အပေါက်နည်း၍ သဘာဝအတိုင်းရှိသည့်ကျွန်းကြီးကျွန်းငယ် များ၊ ကြည်လင်လှပြီး ရေအောက်သတ္တဝါများနှင့်သန္တာကျောက်တန်း ကျောက်စက်များ ပြေါ<ွကယ်ဝသောသဘာဝရေအောက်ရှုခင်းအလှများ၊ အဖိုး တန်မုတ်ကောင်ပုလဲမွေးမြူရန်အလွန်ကောင်းသည့်ဒေသများ၊ နိုင်ငံခြားငွေ မြောက်များစွာရနေသော ငါး၊ ပုဇွန် ရေသတ္တဝါလုပ်ငန်းများ၊ရော်ဘာ ၊ ဆီ အုန်း၊ ဒူးရင်း၊ မင်းဂွတ် စသောစိုက်ပျိုးရေး လုပ်ငန်းများ ပြည့်စြုံ<ွကယ်ဝနေသော တနင်္သာရီကမ်းရိုးတန်းဒေသအား မပျက်စီး မတိမ်ကောစေရန် ကျွန်တော်တို့ အားလုံးထိမ်းသိမ်းစောင့်ရှောက်တန်ဖိုးထားတတ်ရန် လိုအပ်လှပေသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text