
ကျုပ်တို့ ပန်းချီရေးပြီးလို့ ပြန်ကြမယ် ဆိုတဲ့အချိန်မှာတော့ ဆရာဦးမျိုးညွန့်၊ ဦးမျိုးညွန့်တပည့် ဗဇံ၊ ကိုဝင်းကြည်နဲ့ ကျုပ်တို့ပဲ ကျန်ပါတော့တယ်။ ပစ္စည်းတွေ သိမ်းဆည်းပြီး အပြန်ခရီးမှာတော့၊ ငဖဲစောင်းတန်း အတက်က ကျုပ်တို့လို ဆေးလိပ် အလွန်အကျွံ သောက်ခဲ့သူတွေအဖို့ အတော် ဒုက္ခပေးပါတော့တယ်။ ပန်းချီဆွဲဖို့ အထောက်အကူပြုတဲ့အိတ်၊ ဒီအိတ်မှာ ပန်းချီဆွဲတဲ့ဒေါက်၊ ထိုင်ခုံ၊ ဘုတ်ပြား၊ ဆေးစပ်ပြား၊ ရေဗူးအစုံပါတဲ့ အိတ်က တစ်ဖက်၊ ဆေးဗူး၊ စုတ်တံ၊ ကင်မရာထည့်ထားတဲ့ အိတ်က တစ်ဖက်နဲ့ အတော် အားယူတက်ခဲ့ရပါတယ်။ စောင်းတန်းထိပ်ကို ရောက်တဲ့အချိန်မှာတော့ လူတစ်ကိုယ်လုံး ချွေးသံရွဲရွဲနဲ့ ဟောဟဲလိုက်လို့ပေါ့။ စောင်းတန်းဇရပ်မှာနားနားနေနေထိုင်နေကြတဲ့လူတွေ ကြားထဲမောမောနဲ့ ခြေပစ်လက်ပစ်ထိုင်ပြီး ခေတ္တနားနေလိုက်ရသေးရဲ့။ အမောပြေတာနဲ့ ဆက်သွားတော့၊ မနက်က မရေးဖြစ်ခဲ့တဲ့ သစ်ပင်ခြောက်တွေကြားက မြင်နေရတဲ့ စောင်းတန်းမုခ်ဦးနဲ့ စောင်းတန်းကိုပြန်တွေ့ရပါတယ်။ ဒါနဲ့ ရောက်တုန်းရောက်ခိုက် ရေးရတာ၊နောက်တစ်ကြိမ်ပြန် ရောက်ဖို့ဆိုတာမလွယ်ဘူးဆိုတဲ့ အသိနဲ့ ကျုပ်တို့သုံးယောက် နေရာယူပြီး ထပ်မံရေးဆွဲကြပြန်ပါတယ်။ အဲဒီအချိန်မှာ ထမင်းဆိုတာ ပြန်မေ့သွားပြန်ပါတယ်။ ကျုပ်အခုရေးမယ့်မြင်ကွင်းက အထက်စက်တော်ရာကိုတက်မယ့်။စောင်းတန်းနဲ့ မုခ်ဦးပြဿဒ်ကို ဘေးတိုက်အနေအထားတည့်တည့်နဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့တောင်ကုန်း၊ မုဒ်ဦးပြဿဒ်ရှေ့မှာတော့ သစ်ပင်တွေထိုးထိုးထောင်ထောင်နဲ့ အားလုံးဟာ အရိုးပြိုင်းပြိုင်းထလို့ပေါ့။ စိမ်းစိမ်းစိုစို သစ်ပင်ဆိုလို့ အပင်ကြီးတွေအောက်ခြေက အပင်သေးသုံးလေးပင် လောက်ပဲရှိရဲ့။သစ်ပင်တွေကဖြတ်ကျလာတဲ့ အရိပ်တွေကပြဿဒ်နဲ့ အပင်တွေကို ပိုပြီးလှပနေစေပါတယ်။ ကျုပ်လည်းအောက်လိုင်းကောက်ပြီး တာနဲ့ ရေးမယ်ဆိုတော့ ရေအခက်အခဲဖြစ်တော့တာပါပဲ။ ဒါနဲ့အနီးဝန်းကျင်ကို ကြည့်လိုက်တော့ အောက်တစ်ဆင့်ကစောင်းတန်းမှာ အကြော်တဲလေး တစ်တဲကိုတွေ့ရပါတယ်။ ဒါနဲ့ ဆိုင်ရှိရင်ရေရှိရ မယ်ဆိုတဲ့ အသိနဲ့အကြော်တဲဆီမှာ ပန်းချီရေးဖို့ရေနဲနဲပေးဖို့တောင်းလိုက်ပါတယ်။ ကြည်ကြည်ဖြူဖြူပဲ ပေးလိုက်ပါတယ်။ တစ်ကယ်ဆိုသူတို့ကိုယ်တိုင်လည်းတောင်ပေါ် အထိ ရေကို ခက်ခက်ခဲခဲ ဂါလံပုံးတွေနဲ့ သယ်လာခဲ့ရတာပါ။ ဒါပေမယ့်ကိုယ့်မှာလဲ အခက်အခဲဖြစ်နေတာမို့ အားနာနာနဲ့ ရေတစ်ခွက်ငဲ့ယူလာခဲ့လိုက်ပါတယ်။ ပြီးတော့ အကြော် ငါးရာဖိုး ကြိုက်တာသာထည့်ဆိုပြီး၊စားစား၊မစားစား သူ့ကျေးဇူးကို သိတတ်တဲ့အနေနဲ့ အားပေး ခဲ့တာပါ။ သူ့ဆီက ကျုပ်ရေတစ်ခွက် တောင်းခဲ့ပြီးပြီမို့လား။ ကျုပ်တို့ နောက်တစ်ကားရေးပြီး၊တဲကျောင်းတွေဆီ ပြန်ရောက်တဲ့ အချိန်မှာတော့ ပန်းချီဆရာ အားလုံးစားသောက်ပြီးအနားယူနေကြပါပြီ။ ဒီမနက်အဖို့တော့ သုံးကားရလိုက်ပြီမို့ ကျုပ်စိတ်တွေပေါ့ပါးလန်းဆန်းလို့ နေပါတော့တယ်။ ဒီနေ့ နေ့လယ်ထမင်းစားပြီးချိန်မှာတော့ မနေ့ကတည်းက ရေစိမ်ချင် တဲ့စိတ်ကို မြိုသိပ်ထားခဲ့တဲ့ကျုပ် မန်းချောင်းရေထဲကို ပေါ့ပေါ့ပါးပါးစိမ်နေ လိုက်ပါတယ်။ တစ်လမ်းလုံး ဖုန်အလိမ်းလိမ်းဖြစ်ခဲ့ရတဲ့ ကျုပ်ဆံပင်လည်း အခုမှပဲ လျှော်ရပါတော့တယ်။ မန်းချောင်းရေရဲ့ အေးစိမ့်စိမ့်အရသာကြောင့် အခုမှပဲ ကျုပ်တစ်ကိုယ်လုံးလန်းဆန်းခဲ့ပေါ့။ ခါးတစ်ဝက်တောင်မရှိတဲ့ရေထဲမှာ အတည်ပေါက်ကြီး ရေကူးပြီး ရေစီးနဲ့မျှောလိုက်၊ ရေဆန်ကိုကူးလိုက်နဲ့ တစ်ယောက်တည်းပေမယ့်လည်း အလိုလိုနေရင်း ပျော်နေမိပါတယ်။ ဆပ်ပြာ တိုက်၊ ခေါင်းလျှော်၊ ရေကူးနဲ့ ရေထဲမှာနာရီဝက်လောက်နေပြီးကာမှ ကုန်းပေါ် ကို ပြန်တက်လိုက်ပါတယ်။ အဝတ်အစားလဲပြီးတာနဲ့ လက်ဖက်ရည်တစ်ခွက် လောက်သောက်ဖို့ စိတ်ကူးမိပါတယ်။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်သွားဖို့ အဖော်မရှိပါဘူး။ အားလုံးထမင်းဆိပ်တက်ပြီး အိပ်ပျော်နေကြပါပြီ။ ဒါနဲ့ ကျုပ်တစ်ယောက်တည်း လက်ဖက်ရည်ဆိုင်ဖက်ထွက်လာခဲ့ပါတယ်။ နေ့လယ် နေ့ခင်းမှာတော့ မန်းရွှေစက်တော်လည်း အညာဒေသရဲ့တန်ခိုးပြတာပါပဲ။ ပူလိုက်တဲ့နေ။ အပူရှိန်ပြင်းပြင်းကြားကပဲ ဈေးဆိုင်တန်းတွေ ငေးရင်း လက်ဖက်ရည်ဆိုင်ဘက်ကိုထွက်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မနက်တစ်ခွက်၊ နေ့လယ် တစ်ခွက်၊ ညတစ်ခွက် ရိုးရာတော့အပျက်မခံနိုင်ပါဘူး။ ညနေလေးနာရီဝန်းကျင်လောက်မှာတော့ ကျုပ်တို့တစ်တွေ မနေ့ကရေးခဲ့တဲ့ ကြိုးကြာသောင်ကို မကျေပွဲနွှဲဖို့ တည်းခိုဆောင်ကနေ ထွက်လာခဲ့ကြပြန်ပါတယ်။ ဒီနေ့တော့ ပန်းချီဆရာအားလုံးနီးပါးက မနေ့ကရေးခဲ့ကြတဲ့ မန်းချောင်း စပ်ဆီကို ထွက်သွားကြပါတယ်။ ကျုပ်နဲ့ ကိုဝင်းကြည်ကတော့ ကြိုးကြာသောင်ပေါ်က အလုပ်သမားတဲစုကလေးတွေကို ပဲ ရွှေစက်တော်ဘုရား နောက်ခံနဲ့ ရေးနေရစ်ခဲ့ပါတယ်။ မန်းချောင်းရေအေးစိမ့်စိမ့်မှာ အဝတ်လျှော်သူ၊ ရေချိုးသူ၊ ရေခပ်သူတွေနဲ့ လှချင်တိုင်းလှနေလို့ပေါ့။ ကျုပ်ရေးနေတဲ့ အလုပ်သမားတဲလေးဆီမှာတော့ အမျိုးသမီးတစ်ယောက်က ထမင်းဟင်းအိုးတည်နေပြီး၊ အမျိုးသားတစ်ယောက်က အိမ်ရဲ့ဘေးမှာထိုင်ပြီး ဝါးတစ်လုံးကိုလွှာနေပါတယ်။ သေသေ ချာချာကြည့်လိုက်တော့ အဲဒီအမျိုးသားမှာ ခြေထောက်နှစ်ဖက် စလုံးမရှိပါဘူး။ ဒူးဆစ်လောက်က ပြတ်နေတာပါ။ ဒါပေမယ့် ဘဝကို အရှုံးမပေးပဲ ထိုင်ရာမထလုပ်လို့ရတဲ့ ဝါးလွှာတဲ့အလုပ်ကို လုပ်နေရပါတယ်။

ကြည့်ရတာ ဝါးထရံယက်ဖို့ လုပ်နေတယ်လို့ ထင်ရပါတယ်။ အဲဒီတဲကလေးမှာ သူရယ်၊ အမျိုးသမီးတစ်ယောက်ရယ်၊ ခွေးတစ်ကောင်ရယ်ပဲရှိပါ တယ်။ အဲဒီတဲကလေးကိုမှ ကျုပ်ကလည်း စိတ်ဝင်တစားကြည့်ရေးနေမိပါတယ်။ တချို့ကတော့ ပြောချင်ပြောပါ လိမ့်မယ်။ တဲရေးတာပဲကွာ၊ ရွှေ့စက်တော်အထိတောင်သွားရေးရသလားလို့။ မတူပါဘူး၊ တဲတစ်လုံးဆိုပေမယ့် အဲဒီတဲရဲ့ ပတ်ဝန်းကျင်အနေအထား၊ ဟိုးနောက်မှာ အထက်စက်တော်ရာရှိတဲ့ တောင်တန်း၊ အဲဒီတောင်တန်းရှေ့မှာ ခပ်နိမ့်နိမ့် တောင်ကုန်းကလေးတွေ၊ သစ်ပင်စိမ်းစိမ်းတွေနဲ့ တောင်ကြားကို ဖြတ်စီးနေတဲ့ မန်းချောင်း၊ ပြီးတော့ ကြိုးကြာသောင်နဲ့ လူယောက်ျား တစ်ယောက်၊ လူမိန်းမတစ်ယောက်နဲ့ ခွေးတစ်ကောင်သာနေတဲ့ အဲသည်တဲကလေး ၊ ဒီလိုပတ်ဝန်းကျင် အနေအထားနဲ့ ဒီမြင်ကွင်းမျိုးကတော့ ဒီနေရာမှာပဲရှိနေမှာပါ။ တခြား တစ်နေရာမှာ ဒီလိုတဲတစ်လုံးရှိကောင်းရှိနိုင်ပေမယ့်၊ ဒီလိုပတ်ဝန်းကျင်၊ ဒီလိုအခင်း အကျင်းမျိုးနဲ့တော့ ရှိနေမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျုပ်ဒီတဲလေး ကိုရေးဖြစ်လိုက် တာပါ။ ကျုပ်တစ်ကားရေးပြီးတာနဲ့ ဆရာသမားများရှိရာ မန်းချောင်းရေစပ်ဘက်ကို ထွက်ခဲ့ပါတယ်။ မန်းရွှေစက်တော်ကို ဘေးတိုက်အနေအထား နေဝင်ချိန်ကိုရေးနေကြတဲ့သူတွေ၊ ကြိုးကြာ သောင်ပေါ်က အလုပ်သမားတဲတွေနဲ့ မန်းချောင်း ကို ဖြတ်ဆောက်ထားတဲ့ တံတား လေးနဲ့ တောရိပ်၊တောင်ရိပ်ကျနေတဲ့ မန်းချောင်းရေပြင် ဒီမြင်ကွင်းကို ရေးနေတဲ့သူတွေ၊အားလုံးဟာ ကျောချင်း ကပ်သူကပ်၊ ဘေးချင်းယှဉ်သူယှဉ်နဲ့ ပန်းချီဆရာအားလုံး သူတို့အမြင် သူတို့အတွေးတွေနဲ့ စိတ်ထင်တိုင်းကျဲနေ ကြတော့တာပေါ့။ ကျုပ်ရောက်သွားချိန်မှာတော့ အတော် အသင့်ပြီးသူတွေ ပြီးနေကြပါပြီ။ ကျုပ်ကတော့ မနေ့ကမရေး ဖြစ်ခဲ့တဲ့ အဝေးက အထက်စက်တော်ရာနဲ့ သစ်ပင်တောတန်းများ အနီးမှာတော့ ကျောက်ကမ်းပါးယံကို နေဝင်ချိန်အမိအရရေးဖို့ စတင်လိုက်ပါတယ်။ အောက်လိုင်း ကောက်ပြီးချိန်မှာတော့ အထက်စက်တော်ရာရဲ့ စောင်းတန်းပြဿဒ် ဝန်းကျင်မှာ နေဝင်ချိန် အပူငွေ့သန်းတဲ့အရောင်တွေစမြင်နေရပါပြီ။ ပြဿဒ်အမှောင်တချို့ကို ဖြတ်ဝင်လာတဲ့အလင်းတစ်စနဲ့ မြူငွေ့သန်းနေတဲ့ တောင်ကမ်းပါးယံနဲ့ သစ်ပင်တစ်ချို့။ ကျုပ်နဲ့အနီးဆုံးနေရာတွေမှာတော့ ကျောက်ကမ်း ပါးယံနဲ့ အပင်စိမ်းစိမ်းတချို့မြင်နေရရဲ့။ ရသမျှအချိန်ကလေးနဲ့ မြင်နေရတဲ့အရောင်တွေကို အမိအရဖမ်းပြီးရေးနေချိန်မှာတော့ ကျုပ်ဆရာသမားများက မန်းချောင်းရေကို ပျော်ပျော်ပါးပါးစိမ်နေကြ ပါပြီ။ အသံတွေတော့ ကြားနေရတယ်။ ကလေးသုံးယောက်ရေဆော့နေ ကြတယ်တဲ့၊ သုံးယောက်ယှဉ်ပြီး မန်းချောင်းရေအလျင် အတိုင်းမျော နေကြတာ တကယ့်ပီဘိလူငယ်လေးတွေလို ပေါ့ပါးလွတ်လပ်လို့ပေါ့။ ကျုပ်မှာတော့ ကျုပ်လောဘနဲ့ကျုပ် ထပြီးတော့တောင် ဓာတ်ပုံရိုက်မထား လိုက်နိုင်ဘူး။ တစ်ကယ်ဆို မှတ်တမ်း တစ်ခု အနေနဲ့ ဓာတ်ပုံရိုက်ထားလိုက် သင့်တာ။ ကျုပ် ရိုက်မထားလိုက်ခဲ့ရ ဘူး။ ဗီဒီယိုရိုက်နေတဲ့ Aဇံကတော့ ရိုက်ထား လိုက်မိတယ်ထင်ပါရဲ့။ ကျုပ် ပန်းချီရေးပြီးလို့ ရေစိမ်မယ်လုပ်တော့ အားလုံး ရေချိုးပြီးသွားကြပါပြီ။ ဘာပဲ ဖြစ်ဖြစ် ကျုပ်ရေတစ်ခါထပ်စိမ်ဖြစ် လိုက်ပါတယ်။ ဒီနေရာမှာတော့ ရေပြင် ကကြည်လင်စိမ်းလဲ့လို့၊ ဟိုးအောက်က ကျောက်စရစ်ခဲလေးတွေကိုတောင်အတိုင်း သားမြင်နေရရဲ့။ စီးလိုက်တဲ့ရေက လည်း ကိုယ်ကို ဖော့မထားလိုက်နဲ့ ရေစီးမှာမျောပြီးသားပဲ။

ဒါကြောင့် စော စောက ဆရာသမားသုံးယောက် တစ် ပျော်တပါး၊ ကိုယ်ဖော့ပြီး ရေစီးထဲ မျှောနေကြတာပဲပေါ့။ ဘာပဲဖြစ်ဖြစ် ဒီခရီးကတော့ လူငယ်ရော၊လူကြီးပါ ဘာအခုအခံ၊ဘာဟိတ်ဟန်မှမထားဘဲ၊ ရင်ဖွင့်ပြီး ပြောဆိုနေထိုင်သွားကြတဲ့ အောက်ဒိုးခရီးစဉ်ဖြစ်တာကြောင့် ပိုပြီး ပျော်ရွှင်ရပါတယ်။ ပန်းချီရေးချိန် ရေးကြ၊စားချိန်စား၊သွားချိန်သွားတက်ညီ လက်ညီပဲတစ်ယောက်ကိုတစ်ယောက် နာတယ်၊သာတယ် မထားဘဲ စကြ၊ နောက်ကြ၊ ပြောင်ကြနဲ့ လူကြီး၊လူငယ် တစ်သားတည်းဖြစ်နေကြပါတယ်။ အခန်းကိုပြန်ရောက်တာနဲ့ မနက် စောစော ရွှေစက်တော်က ခွာနိုင်ဖို့ ကိုယ့်အထုပ်အပိုး ကိုယ်ပြင်နေကြပါပြီ။ ဒီတစ်ညအိပ်ဖို့ အပြင်မှာ မဖြစ်မနေ ထားရမယ့်ပစ္စည်းကလွဲလို့ မနက်လင်းရင် ချက်ချင်းပြန်နိုင်ဖို့ အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်နေကြပါပြီ။ အခန်းခ ရှင်းစရာရှိတာရှင်း၊ လက်ဆောင်ပေးစရာရှိတဲ့လူကပေး၊ နှုတ်ဆက်စရာရှိတဲ့လူက နှုတ်ဆက်၊ လွမ်း စရာရှိ တဲ့လူက လွမ်း၊ ကျုပ်ကတော့ နောက်တစ်နေ့ဆက်မယ့်ခရီး၊ ဘယ်နေရာမှာနားပြီး၊ ဘယ်နေရာမှာ ပန်းချီရေးရမလဲလို့ တွေးရင်း နောက်တစ်နေ့ ရေးရင်အဆင်သင့်ဖြစ်ဖို့ ပစ္စည်းတွေပြင်ဆင်နေလိုက်ပါတယ်။ မနက်လင်းတာနဲ့ အောက် စက်တော်ရာကို ဆွမ်းတော်ကပ်၊ဘုရားကန်တော့၊မနက်(၆)နာရီကျော်တာနဲ့ မန်းရွှေစက်တော်မြေက စတင် ထွက်ခွာလာပါပြီ။
No comments:
Post a Comment