
အောက်တိုဘာလ ၂၁ ရက်နေ့က ဘန်ကောက်အစွန်ရှိ ပသွန်သာနီတွင် ဒေသခံများ ဖော့တုံးကြီးကို လှေလုပ်ပြီးစီးကြစဉ်
''ရေဖြတ်စီးနိုင်အောင် ဘန်ကောက်က ရေတံခါးတွေအားလုံးကို ဖွင့်ချပစ်ရပါတော့မယ်။ဒါကြောင့် ဒီအပတ်တွင်းမှာ ဒေသခံတွေအနေနဲ့ ကားတွေ၊တန်ဖိုးရှိတဲ့ပစ္စည်းတွေကို အနည်းဆုံးတစ်မီတာ(သုံးပေ) ထက် မြင့်တဲ့ နေရာတွေမှာ ထားရပါမယ်''ဟု ယင်လက်ခ်က ရုပ်သံမှ မိန့်ခွန်းပြောကြားခဲ့သည်။
''ရေကြီးမှုပြဿနာက အလွန်ကြီးမားပါတယ်။ အမျိုးသား ကပ်ဘေးတစ်ခုဖြစ်တဲ့အတွက်ကြောင့် လူတိုင်းဆီက ပူးပေါင်းဆောင်ရွက်မှုရဖို့ မျှော်လင့်ထားပါတယ်''ဟု ၀န်ကြီးချုပ်က ထပ်မံပြောကြားခဲ့သည်။ ''ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို သက်ရောက်မှုရှိတဲ့ အလွန်ဆိုးရွားတဲ့အခြေအနေပါ'' ဟု နှစ်လသာရှိသေးသည့် အစိုးရသစ်ကို ဦးဆောင်သူ သက်ဆင်၏ညီမက ပြောကြားခဲ့သည်။
ဘန်ကောက်မြောက်ပိုင်းခရိုင်များဖြစ်သည့် ဒွန်မောင်းနှင့် လက်ဆီတွင် ရေမှာ ၇၀ စင်တီမီတာအထိ တက်လာသောကြောင့် လမ်းများမှာ ကားငယ်များ မသွားနိုင်တော့သည့် အခြေအနေဖြစ်သွားခဲ့ပြီး လူ ၁၀၀၀ ကျော်ကို ကယ်ထုတ်ခဲ့ရသည်။ ကျောက်ဖယား မြစ်ရေတက်လာခြင်းနှင့်အတူ ပါလီမန်ရှိရာနေရာအနီးတွင် ရေကြီးလာခဲ့ခြင်းကြောင့် ကမ်းပါးအနီးတွင် နေထိုင်သူ လူ ၃၀၀၀ ခန့်အား နေရာရွှေ့ပြောင်းထားရန် တိုက်တွန်းခဲ့သည်။ ထိုင်းနိုင်ငံအတွင်း သုံးလနီးပါး မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှုများကြောင့် လူ ၃၅၀ သေဆုံးပြီး အိမ်ခြေများ၊ လူသန်းပေါင်းများစွာ၏ အသက်မွေးမှုများ ပျက်စီးခဲ့ရသည်။ အများအားဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ပျက်စီးမှုများစွာဖြစ်ခဲ့ပြီး လူထောင်ပေါင်းများစွာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ခဲ့ရသည်။
လက်တလောတွင် ထိုင်းနိုင်ငံ၏ ပြည်နယ်သုံးပုံတစ်ပုံတွင် ရေကြီးမှုဒဏ် ကြုံတွေ့နေရဆဲ ဖြစ်သည်။
နိုင်ငံအတွင်း ရေကြီးမှုများကြောင့် စက်မှုဇုန်များရေလွှမ်းခဲ့ပြီး စက်ရုံရာကျော်ကို ပိတ်ထားခဲ့ရသည်။ ရေကြီးမှုများကြောင့် မော်တော်ကား ထုတ်လုပ်ရေး၊ လျပ်စစ်နှင့် အခြား ကုန်ပစ္စည်းများ ထုတ်လုပ်မှုတွင် အဟန့်အတား များ ဖြစ်ခဲ့ရသည်။
ရေလွှမ်းမှုများကြောင့် လူငါးသိန်းကျော် အလုပ်အကိုင် ရပ်နားခဲ့ရသည်။

No comments:
Post a Comment