Sunday, October 23, 2011

ထိုင်းရေကြီးမှုကြောင့် လွတ်မြောက်နေသည့် မိကျောင်းများကို ဖမ်းပေးသူများကို ဆုငွေပေးမည်ဟု ကမ်းလှမ်း

ထိုင်းနိုင်ငံတစ်ဝန်း ရေကြီးမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ရေလွှမ်းခဲ့သည့် ရှေးဟောင်းမြို့ဖြစ်သည့် အယုဒ္ဓယတွင် မိချောင်း ၁၀၀ နီးပါး လွတ်မြောက်သွားမှုကြောင့် တာဝန်ရှိသူများက မိကျောင်းဖမ်းမိသူများကို ဆုငွေပေးမည်ဟု ကမ်းလှမ်းချက်များ ထုတ်ပြန်ခဲ့သည်။
ရေကြီးမှုများကြောင့် မိကျောင်းမွေးမြူရေးခြံများမှ မိကျောင်း ၁၀၀ နီးပါး လွတ်မြောက်သွားကြောင်းနှင့် မိကျောင်းအရှင်တစ်ကောင်ကို ဖမ်းမိသူအား ဆုငွေဘတ် ၁၀၀၀ ပေးမည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီး Vitthaya Buranasiri ကပြောကြားခဲ့သည်။
''ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် မိကျောင်းတွေကို ဖမ်းမိဖို့လိုပါတယ်''ဟု ၎င်းကအေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
မိကျောင်းများကို ထိုင်းနိုင်ငံ၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် အယုဒ္ဓယပတ်ဝန်းကျင်ရှိ ဒေသများစွာတွင် တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဆယ်စုနှစ်များအတွင် ထိုင်းနိုင်ငံတွင် အဆိုးရွားဆုံး ရေကြီးမှုဖြစ်ခြင်းကြောင့် အိမ်ခြေများရေမြုပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန်များကို ပိတ်ထားခဲ့ရသည်။ ရေကြီးမှုများကြောင့် လူ ၃၀၀ နီးပါးသေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ခဲ့ရသည်။ ရေကြီးမှုများကြောင့် တိရစ္ဆာန်သေဆုံးမှု အရေအတွက်ကို  မသိရှိရသေးပေ။ ရေကြီးသည့်ဒေသတွင် လွတ်မြောက်နေသည့် တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်သည့်သတင်းကို ပေးပို့ရန်အတွက်  သဘာဝရင်းမြစ်ဝန်ကြီးဌာနက အရေးပေါ်ဖုန်းလိုင်းတစ်ခုကို တပ်ဆင်ပေးထားသည်။
''ရေမြုပ်နေတဲ့ဒေသမှာ လွတ်နေတဲ့ တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး အရေးပေါ်ဖုန်းလိုင်းတစ်ခု ထားရှိဖို့ ငါးလုပ်ငန်းဌာနနဲ့ ညှိနှိုင်းနေပါတယ်။ ကျား၊မြွေ၊ မိကျောင်းတွေ့လို့ ဖုန်းလှမ်းခေါ် အကူအညီတောင်းတာ အများကြီး လက်ခံထားပါတယ်'' သဘာဝရင်းမြစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text