ပြည်ပနိုင်ငံများမှ မော်တော်ယာဉ်အရောင်းပြခန်းများကို လာမည့်သုံးလေးလ အတွင်း ခွင့်ပြုပေးတော့မည်ဟု သိရပြီး အဆိုပါကုမ္ပဏီများအနေဖြင့် ပြခန်းတည်ဆောက်ရန်အတွက် အချိန်ကာလရရှိမှု နည်းပါးမည်ဖြစ်ခြင်းကြောင့် တရုတ်နိုင်ငံ နည်းပညာသုံး အဆင်သင့် ကားအရောင်းပြခန်းကို သုံးစွဲလာမည်ဖြစ်ကြောင်း Hi Cool ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကသာ ခွင့်ပြုပေးလိုက်ပါက အမြန်ဆုံးပင်အရောင်းပြခန်း တည်ဆောက်ကြမည်ဖြစ်ကြောင်း သိရပြီး ပုံမှန်တည်ဆောက်မှုစနစ် ဖြင့် သွားပါက အနည်းဆုံး တစ်လနီးပါးကြာမြင့်မည်ဖြစ်ကာ ၄င်းတို့၏ နည်းပညာကို သိထားပါက တစ်ရက်အတွင်းမှာပင် အပြီးတည်ဆောက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော်တို့ဘက်က ကားအရောင်းပြခန်းတွေအနေနဲ့ နေ့ချင်းပြီးဆောင်ရွက်ပြီး နောက်တစ်နေ့မှာပဲ Show Room မှာ ပြရောင်းလို့ရနိုင်မှာပါ။ ကားအရောင်းပြခန်းဖွင့်မယ့်အထဲမှာ တရုတ်နိုင်ငံကလည်း ပါတယ်လေ။ ဒီနည်းပညာနဲ့ ထုတ်လုပ်ပုံက တရုတ်ကပဲ ဆိုတော့ လုံးဝသေချာပါတယ်။ သူတို့သုံးကြမှာပါ'' ဟု ကုမ္ပဏီ၏ MD ဦးသူရိန်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံအနေဖြင့် ကားအရောင်းပြခန်း လာရောက်ဖွင့်ရန်အတွက် ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ ထိုင်းနိုင်ငံအစရှိသော နိုင်ငံများကို ဆက်သွယ်ထားပြီးဖြစ် ကြောင်းလည်း သိရသည်။ ''မြန်မာနိုင်ငံက ဒီနေ့ပဲခွင့်ပြုချက်ချပြီဆိုတာနဲ့ နောက် နေ့မှာ သူတို့ဖွင့်ချင်ရင်တောင် ဖွင့်လို့ရတဲ့ ပုံစံနဲ့တည်ဆောက်တဲ့ နည်းစနစ်တစ်ခုပါ။ သူတို့တွေက ဟန်ပြင်နေကြပါပြီ။ ဒီဘက်က ခေါင်းညိတ်ဖို့ပဲလိုတော့တာ'' ဟု ယင်းက ဆက်လက်ပြောကြားသည်။ 'တရုတ်နိုင်ငံမှာတော့ ကားပြခန်းတွေအတွက် အဆင်သင့် တပ်ဆင်ဆောက် လုပ်ပေးနိုင်မည့် အဆောက်အအုံတွေကို အသုံးများတယ်။ ကားစီးရေ ဘယ်လောက်ပြချင်လဲ၊ ရအောင်လုပ်ပေးတယ်။ ပြီးတော့ ပြခန်းက ရွှေ့ပြောင်းလွယ်တဲ့ ပစ္စည်းတွေလေ။ အဆောက်အအုံတစ်ခု ဆောက်ရင်တောင် မလိုချင်ရင် ပြန်ဖြိုနေရဦးမှာ'' ဟုယင်းက ပြောကြားသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ကုန်ပိုင်း ဝန်းကျင်တွင် ပြည်ပကုမ္ပဏီများကို ကားအရောင်းပြခန်းများ ဖွင့်ခွင့်ပေးဖွယ်ရှိကြောင်း သိရသည်။

No comments:
Post a Comment