Wednesday, December 28, 2011

နယူးဇီလန်နိုင်ငံ ခရစ်ချတ်ခ်ျမြို့တွင် ငလျင်ပြင်းလှုပ်ခတ်ပြန်

နယူးဇီလန်နိုင်ငံ ခရစ်ချတ်ခ်ျမြို့တွင် နောက်ထပ် ၄ နှစ်အတွင်း အင်အားပြင်း ငလျင်များအန္တရာယ် ထပ်မံ ကြုံတွေ့ရဖွယ်ရှိကြောင်း ပညာရှင်များက ခန့်မှန်းထား
နယူးဇီလန်နိုင်ငံ ခရစ်ချတ်ခ်ျမြို့တွင် ငလျင်ပြင်းလှုပ်ခတ်ပြန်
နယူးဇီလန်နိုင်ငံ၏ ဒုတိယမြို့တော် ခရစ်ချတ်ခ်ျတွင် ပြင်းအား ၅.၈ ရှိသော ငလျင်တစ်ခု ယနေ့ (ဒီဇင်ဘာ ၂၃ ရက်)လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။ ယခုလှုပ်ခတ်သည့် ငလျင်သည် ခရစ်ချတ်ခ်ျမြို့တွင် ၁၅ လအတွင်း လှုပ်ခတ်သည့် တတိယမြောက်အင်အားပြင်း ငလျင်ဖြစ်သည်။ နယူးဇီလန်နိုင်ငံ ခရစ်ချတ်ခ်ျမြို့တွင် နောက်ထပ် ၄ နှစ်အတွင်း အင်အားပြင်း ငလျင်များအန္တရာယ် ထပ်မံ ကြုံတွေ့ရဖွယ်ရှိကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။



(ငလျင်ခြိမ်းခြောက်မှုကို အဆိုဆုံးကြုံတွေ့နေရသည့် ခရစ်ချတ်ခ်ျမြို့)

ခရစ်ချတ်ခ်ျတွင် နေအိမ်အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးအတွက် အခက်အခဲများ ရှိနေသည့်အပြင် ငလျင်အန္တရာယ်များ ထပ်မံကြုံတွေ့နိုင်သည့်အတွက် ဒေသခံ ၁၀ ဦးအနက် တစ်ဦးမှာ ထိုမြို့ကို စွန့်ခွာရန် ပြင်ဆင်နေကြသည်။ ယနေ့ ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အဆောက်အုံများ လှုပ်ရမ်းသွားခဲ့ပြီး လူအများအပြား လမ်းမပေါ် ထွက်ပြေးခဲ့ကြသည်။



(ဒီဇင်ဘာ ၂၃ ရက် ငလျင်လှုပ်ခဲ့အပြီး မြင်တွေ့ရသည့် ခရစ်ချတ်ခ်ျမြို့ လမ်းမတစ်နေရာ)

ငလျင်လှုပ်ခတ်မှုကြောင့် ပိတ်မိနေခဲ့သည့် လူ ၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူ ၆၀ မှာ အသေးစားဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ငလျင်ကြောင့် သေဆုံးသူရှိ မရှိနှင့် အဆောက်အအုံပျက်စီးမှု အတိုင်းအတာများကိုလည်း မသိရသေးကြောင်း သတင်းများကဆိုသည်။ ငလျင်နောက်ဆက်တွဲ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။



(ခရစ်ချတ်ခ်ျမြို့တွင် ငလျင်လှုပ်ခတ်မှု အခြေအနေပြဂရပ်)

ခရစ်ချတ်ခ်ျမြို့တွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက ပြင်းအား ၆.၃ ရှိ ငလျင်ပြင်းလှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၈၂ ဦးသေဆုံးခဲ့ပြီး အဆောက်အအုံများ အကြီးအကျယ် ပျက်စီးခဲ့ရသည်။ ထို့အပြင် ၂၀၁၀ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ပြင်းအား ၇.၁ ရှိ ငလျင်းပြင်းလှုပ်ခတ်ခဲ့သည်။ ခရစ်ချတ်ခ်ျမြို့မှာ ငလျင်ခြိမ်းခြောက်မှု အန္တရာယ်ကို အဆိုးဆုံး ရင်ဆိုင်နေရပြီး လက်ရှိအချိန်တွင်လည်း ငလျင်လှုပ်ခတ်ခဲ့မှုများကြောင့် ထိုမြို့ရှိ နေအိမ်ပေါင်း ၂၆,၀၀၀ တွင် လျှပ်စစ်ဓာတ်အား မရရှိနိုင်သေးကြောင်း သိရှိရသည်။



(ဖေဖေါ်ဝါရီလက လှုပ်ခတ်ခဲ့သည့် ငလျင်အတွင်း ပျက်စီးခဲ့သည့် ခရစ်ချတ်ခ်ျမြို့မှ အဆောက်အအုံတစ်ခု)

No comments:

Post a Comment

 

Sample text

Sample Text

Sample Text