Thursday, November 10, 2011

ပခုက္ကူမြို့တွင် တန်ဖိုး ကျပ်သိန်း ၃၀ ၀န်းကျင်ရှိ အိမ်အလုံး ၂၉၀ တည်ဆောက် လျှက်ရှိ

ပခုက္ကူမြို့တွင် တန်ဖိုး ကျပ်သိန်း ၃၀ ၀န်းကျင်ရှိ အိမ်အလုံး ၂၉၀ တည်ဆောက် လျှက်ရှိ
ပခုက္ကူမြို့အနီး ရေဘေးသင့် ပြည်သူများအား သက်ဆိုင်ရာမှ နိုဝင်ဘာလ ၃ ရက်နေ့၌ မီးသွေးကန်ရွာအနီး တည်ဆောက်ရေးစခန်းသို့ ရွှေ့ပြောင်းပြီးစီးကြောင်း သိရသည်။
ပခုက္ကူရေဘေးသင့်ပြည်သူများ၏အိမ်သည် အိမ်ဆောက်ခ မြေနေရာ၊ သွပ်မိုး၊ ပျဉ်ကာ၊ ရေလောင်း အိမ်သာ အပါအ၀င် တစ်အိမ်လျှင် ကျပ်သိန်း ၃၀ ရှိနိုင်ကြောင်း သိရှိရသည်။ ''သုံးစွဲဖို့ရေရတာနဲ့ သက်ဆိုင်ရာက ရွှေ့ပေး တာပါ။ အိမ်မပြီးမချင်း ယာယီရွက်ဖျင်တဲတွေမှာ နေနေကြပါတယ်။ အိမ်ထောင်စု ၂၉၁စုဆိုတော့ အိမ်အလုံးရေ ၂၉၁လုံး တည်ဆောက်နေပါတယ်'' ဟု ရေဘေးသင့်ပြည်သူတစ်ဦးက ပြောပါသည်။ ပခုက္ကူခရိုင် ဆိပ်ဖြူ မြို့နယ် အတွင်းတွင်လည်း အိမ်ပေါင်း ၂၅၀၀ ပြန်လည်တည်ဆောက်လျှက်ရှိပြီး ပေါက်နယ် တံစူးရွာ၌ အိမ် ၂၂ လုံး ပြီးစီးကာ ခုနစ်အိမ်သာ ကျန်ရှိ၍ အမြန်ဆုံးတည်ဆောက်ပေးနေသည်ဟု တံစူးရွာသား တစ်ဦးက လည်း ပြောပါသည်။
မြိုင်မြို့နယ်၌ လူဦးရေ ၃၀၀၀ ကျော်သည် အိမ်ထောင်စု ၆၆၁ စု အိမ်ပြိုပျက် ၁၂၀ ကျော်အတွက် အိမ်အသစ်၉၀ ကျော် တည်ဆောက်နေရာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေကြောင်း၊ အိမ်အပျက်အစီးများသည့် ဆိပ်ဖြူမြို့နယ်တွင် သက်ဆိုင်ရာမှ မြို့နေအိမ်အတွက် ကျပ်ငါးသိန်း၊ ကျေးလက်နေအိမ်အတွက် ကျပ်နှစ်သိန်း လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တည်ဆောက်ခအတွက် တစ်ခရိုင်လုံး ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် အကုန် အကျ ရှိနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပခုက္ကူခရိုင် ရေဘေးသင့်ပြည်သူများကို အောက် တိုဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ အဖွဲ့အစည်းအသီးသီး၊ စေတနာရှင်ကုသိုလ်ရှင် အများအပြား လာရောက်လှူဒါန်းလျှက်ရှိသည်။ နိုဝင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းအချိန်၌ ပခုက္ကူအသင်း(ရန်ကုန်)မှ အေးငြိမ်းချမ်းသာကျောင်းအတွက် ကျပ်တစ်သိန်း၊ သန္တိသုခကျောင်း အတွက်ကျပ်တစ်သိန်း၊ ပခုက္ကူရေဘေး သင့်ပြည်သူများအား ကျပ် ၁၅ သိန်း၊ မုံရွာမြို့မှအလှူရှင်များကလည်း ကျပ် ၁၀ သိန်းကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆားများလှူဒါန်းခဲ့ကြောင်း သိရသည်။
''အခုလို ရေဘေးသင့်ပြည်သူတွေကို တစ်နိုင်ငံလုံးနဲ့ ပြည်ပကပါ လှူဒါန်းလို့ အရင်အခြေအနေထက် အဆင့်အတန်းမြင့်မားလာတာ တွေ့ရပါတယ်။ မီဒီယာတွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ လှူဒါန်းမှု အဖွဲ့အစည်း ကုသိုလ်ရှင်တွေကို ကျေးဇူးတင်ပါတယ်'' ဟု ရေဘေးသင့်ခံခဲ့ရသူ ဒေါ်ခင်လှိုင်က ပြောကြားခဲ့ပါသည်

No comments:

Post a Comment

 

Sample text

Sample Text

Sample Text