Saturday, November 12, 2011

ဆီမီးဖိုင်နယ် ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် မြန်မာအသင်း

ဆီမီးဖိုင်နယ် ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် မြန်မာအသင်း
အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တွင် ကျင်းပ ပြုလုပ် နေသည့် ဆီးဂိမ်း ပြိုင်ပွဲ အမျိုးသား ဘောလုံး ပြိုင်ပွဲ၏ အုပ်စု (ခ) ပွဲစဉ်အဖြစ် Stadion Lebak Bulus ၌ မြန်မာ အသင်း နှင့် ဘရူနိုင်း အသင်းတို့ ကစားခဲ့ကြပြီး မြန်မာ အသင်းက (၄-၀) ဖြင့် အနိုင် ရရှိခဲ့သည်။ ယခုပွဲစဉ် အနိုင် ရလာဒ်ကြောင့် မြန်မာ အသင်းမှာ (၃) ပွဲကစားပြီး ရမှတ် (၇)မှတ်ဖြင့် အုပ်စု (ခ)၏ အုပ်စုဗိုလ် နေရာကို ရယူနိုင် ခဲ့ကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်ရန် အခြေအနေကောင်းသွား ခဲ့ပြီဖြစ်သည်။မြန်မာအသင်းမှာ ပွဲစပြီး (၆) မိနစ်အကြာမှာပင် ကျော်ဇေယျာဝင်း၏ အလွတ်တည်ကန်ဘောမှ တစ်ဆင့် ရရှိခဲ့သည့်ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင် ခဲ့သည်။ဒုတိယ ဦးဆောင်ဂိုးကိုတော့ ကျော်ဇေယျာဝင်း၏ အလွတ် တည်ကန် ဘောမှ တစ်ဆင့် တိုက်စစ်မှူး မင်းမင်းသူမှ သွင်းယူခဲ့ခြင်း ဖြစ်ပြီး ပထမပိုင်းတွင် မြန်မာ အသင်း (၂-၀) ဖြင့် ဦးဆောင်နိုင် ခဲ့သည်။
ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင်တော့ ဘရူနိုင်း အသင်းမှ ပိုမိုဖိကစားနိုင် ခဲ့ပြီး မြန်မာအသင်း၏ အားနည်းနေသည့် ဘယ်ဘက်အခြမ်းမှ ထိုးဖောက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း လိုအပ်နေသည့် ချေပဂိုးများကို သွင်းယူနိုင် ခဲ့ခြင်းမရှိပဲ မြန်မာ အသင်း၏ နောက်ထပ် ဦးဆောင်ဂိုးများကိုသာ ခွင့်ပြုခဲ့ရသည်။မြန်မာ အသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို ပွဲကစားချိန် (၆၃) မိနစ်တွင် ဘရူနိုင်း နောက်ခံလူ အလီရက်မန်း၏ အမှားတစ်ဆင့် ရရှိခဲ့သည့် ဘောလုံးကို တိုက်စစ်မှူး ကျော်ကိုကိုမှ ကန်းသွင်းယူခဲ့ခြင်း ဖြစ်သည်။ယခုပွဲစဉ်၏ နောက်ဆုံးပိတ်ဂိုး ကိုတော့ လူစားဝင် ကစားသမား ကြည်လင်းမှ ကန်သွင်းယူ ခဲ့ပြီး မြန်မာ အသင်းအား (၄-၀)ဖြင့် အနိုင်ရရှိစေခဲ့သည်။မြန်မာ အသင်း အတွက် နောက်ထပ်ပွဲစဉ် တစ်ပွဲအဖြစ် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ဖိလစ်ပိုင်နှင့် ကစားရမည် ဖြစ်ပြီး အဆိုပါ ပွဲစဉ်တွင် အနိုင် ရရှိခဲ့ပါက မြန်မာအသင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text