'ဟယ်ရီပေါ်တာ မှော်ကမ္ဘာ'ကို အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်ပြည်နယ်၊ ယူနီဗာဆယ်စတူဒီယို ဟောလိဝုဒ်(Universal Studios Hollywood) တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို ၂ဝ၁ဝ ခုနှစ် ဇွန်လက တည်ဆောက်ခဲ့သော ဟယ်ရီပေါ်တာ အပန်းဖြေဥယျာဉ်ကဲ့သို့ လူအများက စိတ်ဝင်စားလျက်ရှိသည်။ ဟယ်ရီပေါ်တာအပန်းဖြေဥယျာဉ် တည်ဆောက်ခဲ့စဉ်ကလည်း လာရောက်လည်ပတ်သူ သုံးသန်းဝန်းကျင်ရှိခဲ့ပြီး အသားတင်အမြတ် ဒေါ်လာသန်း၃ဝဝကျော်ရခဲ့သည်။ အဆိုပါမှော်ကမ္ဘာကို တည်ဆောက်သွားရန်မှာ သုံးနှစ်မှလေးနှစ်ထိ ကြာမြင့်မည်ဖြစ်ပြီး ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်သည်။ ယူနီဗာဆယ်ကုမ္ပဏီနှင့် ဝန်နာဘရားသားကုမ္ပဏီတို့က မှော်ကမ္ဘာကို တိုးချဲ့ဆောက်လုပ်သွားမည် ဟုဆိုသည်။ဟောလီးဝုဒ်ပန်းခြံကို ဗဟိုပြုပြီး မှော်ကျောင်းတော် ဟောင်းဝပ်ဒ်မျှော်စင်နှင့် ချားရဟတ်များကို တည်ဆောက်သွားမည် ဖြစ်သည်။
စာရေးဆရာမ ဂျေကေရိုးလင်းက ဟယ်ရီပေါ်တာစာအုပ်ကို ရေးသားပြီး ကမ္ဘာတစ်ဝန်းလုံးတွင် သူ့စာအုပ်ပေါင်း သန်း၄၅ဝခန့် ရောင်းချနိုင်ခဲ့သည်။ ဝန်နာဘရားသားကလည်း လက်မှတ်ရောင်းရငွေ ဒေါ်လာသန်းပေါင်း ၇၇ဝဝ ရရှိခဲ့ သည်။ ရုပ်ရှင်လောက သမိုင်းကြောင်းမှာ ဟယ်ရီပေါ်တာရုပ်ရှင်သည် အမြတ်ငွေ အများဆုံးရသော ရုပ်ရှင်လည်းဖြစ်သည်။ ယင်းစီမံကိန်းတွင် ချားရဟတ် ဘယ်လောက်များများ ဆောက်လုပ်သွားမည် ဆိုသည်ကို တာဝန်ရှိသူများက ထုတ်ဖော်မပြောသေးပါ။ သို့သော် ရုပ်ရှင်နှင့်စာအုပ်ထဲက ပုံစံအတိုင်း တစ်ထေရာတည်းတူအောင် ဆောက်လုပ်သွားမည်ဟုဆိုသည်။ 'ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ဟယ်ရီပေါ်တာပရိသတ်တွေအတွက် အကောင်းဆုံးအပန်းဖြေနိုင်မယ့် နေရာလေးဖြစ်မှာပါ'ဟု ဝန်နာဘရားသား ကုမ္ပဏီဥက္ကဋ္ဌက ပြောကြားသည်။

No comments:
Post a Comment