
ဖိုက်ဘာအင်တာနက်လိုင်းကို ရယူအသုံးပြုသူတစ်ဦးသည် Wifi နည်းပညာများဖြင့် တစ်ဆင့်ခံပြန်လည်ရောင်းချနေသည့်အတွက် လိုင်းပြန်လည်သိမ်းဆည်းခဲ့ရကြောင်း အဆိုပါကဲ့သို့ အင်တာနက်လိုင်းကို တစ်ဆင့်ခံပြန်လည်ရောင်းချခြင်းများရှိခဲ့ပါက လိုင်းတပ်ဆင်ထားခြင်းကို ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း Fortune ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးကဆိုသည်။ “Wireless ကိုအသုံးပြုပြီး ပတ်ဝန်းကျင်ကို တစ်နာရီဘယ်လောက်ဆိုပြီး ပြန်ရောင်းတာမျိုးရှိခဲ့ဖူးတယ်။ လိုင်းမ၀ယ်ခင် သဘောတူညီမှုလက်မှတ်ထိုးကတည်းက တစ်ဆင့်ခံပြန်လည်ရောင်းချခြင်း မပြုလုပ်ရဘူးဆိုတာပါတယ်။ ကျွန်တော်တို့လည်း လူတိုင်းအသုံးပြုနေတာကိုတော့ လိုက်လံကြည့်လို့ရတာမျိုးမဟုတ်ဘူး။ သိတဲ့ဟာတစ်ခုကိုတော့ လိုင်းပြန်သိမ်းလိုက်တယ်” ဟု ၄င်းကပြောသည်။ ဖိုက်ဘာအင်တာနက်လိုင်း ၀ယ်ယူစဉ်၌ သဘောတူညီမှုလက်မှတ်များကို ဦးစွာရေးထိုးရကြောင်း အဆိုပါသဘောတူညီမှုတွင် ကွန်နက်ရှင်ကျဆင်းခြင်းများ၊ နိုင်ငံရေးနှင့်သက်ဆိုင်သောပြသနာများနှင့် အခြားသောအချက်အလက်များစွာတို့ကို ရောင်းချသည့်ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိဘဲ အသုံးပြုသူအနေဖြင့်သာ တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်း ပါရှိသည်ဟုသိရသည်။“ အများကြီးပဲ။ သုံးမျက်နှာလောက် ရှိတယ်ထင်ရတယ်။ စည်း ကမ်းချက်တွေထဲမှာ ရေးထားတာကို အသုံးပြုသူကပဲ တာဝန်ယူဖို့ပါတယ်” ဟု မန္တလေးမြို့၌ ဖိုက်ဘာအင်တာနက်လိုင်းကို ၀ယ်ယူအသုံးပြုနေသည့် ကိုဖြိုးကဆိုသည်။ ၀ယ်ယူသူလက်မှတ်ရေးထိုးရသည့် သဘောတူညီမှုများသည် ရတနာပုံတယ်လီပို့မှ ချထားပေးသည့် စည်းကမ်းချက်များသာဖြစ်ပြီး ကုမ္ပဏီအနေဖြင့် တပ်ဆင်ရောင်းချခြင်းလုပ်ငန်းကိုသာ လုပ်ကိုင်ခြင်းဖြစ်ကြောင်း မန္တလေးမြို့၌ ဖိုက်ဘာအင်တာနက်လိုင်းရောင်းချပေးသည့် Fortune မှတာဝန်ရှိသူကဆိုသည်။ အဆိုပါစည်းကမ်းချက်များ၌ အင်တာနက်လိုင်းကို ဆင့်ပွားသုံးစွဲခြင်းမပြုရန်ပါဝင်ပြီး ကွန်နက်ရှင်ကျဆင်းခြင်းနှင့် အခြားသော ကိစ္စရပ်များပါဝင်သည်။ မန္တလေးမြို့အတွက် ဖိုက်ဘာအင်တာနက်လိုင်းရောင်းချပေးခြင်းကို Fortune ကုမ္ပဏီနှင့် Red Link ကုမ္ပဏီတို့မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ မန္တလေးတစ်မြို့လုံးအနေဖြင့် လိုင်းအရေအတွက် ၅၀၀ ကျော်ကို အသုံးပြုလျက်ရှိပြီး Fourtune ကုမ္ပဏီသည် လိုင်းအရေအတွက် ၄၀၀ ခန့်ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment