
စစ်ဘက်ဆိုင်ရာ အာရုံခံကိရိယာ (sensor) များကိုအသုံးပြုပြီး အနီးပတ်ဝန်းကျင်မှ အချက်အလက်များကို စုဆောင်းရယူပေးနိုင်မည့် စက်ရုပ်အင်းဆက်တစ်မျိုးကို မီချီဂန်တက္ကသိုလ်ရှိမှ သုတေသီများက စမ်းသပ်တီထွင်လျက်ရှိကြောင်း သိရသည်။ တီထွင်စမ်းသပ်လျက်ရှိသည့် အဆိုပါအင်းဆက်ပိုးသည် ၎င်း၏ လှုပ်ရှားမှုများမှရရှိသည့် အရွေ့စွမ်းအင်နှင့် ကိုယ်ခန္ဓာအပူချိန်တို့မှရရှိသည့်စွမ်းအင်ကို အသုံးပြုပြီး လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကာ ၎င်း၏ရွေ့လျားမှုမှရရှိလာသည့် လျှပ်စစ်စွမ်းအင်ကို ရယူစုဆောင်းပေးမည့် piezoelecrtic generator များကို သုတေသနပညာရှင်တစ်ဦးဖြစ်သူ Khalil Najafi နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များက ဖန်တီးတီထွင်ပေးထားခြင်းဖြစ်ကြောင်း Micromechanics and Micro-engineering ဂျာနယ်တွင်ဖော်ပြထားသည်။ စုဆောင်းရရှိထားသည့် အဆိုပါစွမ်းအင်များကို အင်းဆက် တွင်ပါဝင်သည့် အချက်အလက်များကိုရယူပေးနိုင်မည့် sensor များအတွက် စွမ်းအင်ထောက်ပံ့ပေးရန် ထည့်သွင်းထားသောဘက်ထရီကို ပြန်လည်အားသွင်းရာ၌အသုံးပြုမည် ဖြစ်သည်။ ကင်မရာ၊ မိုက်ခရိုဖုန်းနှင့် sensor များအပါအ၀င် ပိုးကောင်၏ကျောပေါ်ရှိ အခြားဆက်သွယ်ရေးပစ္စည်း ကိရိယာများကိုပါ စွမ်းအင်ထောက်ပံ့ပေးမည်ဖြစ်ပြီး အဆိုပါအင်းဆက်ကို အန္တရာယ်ကြီးမားကာ လူများဝင်ရောက်ခြင်းကို တားမြစ်ထားသည့်နေရာများတွင် စေလွှတ်အသုံးပြုရန်ရည်ရွယ်ထားကြောင်း သိရသည်။ အဆိုပါသုတေသနစမ်းသပ်မှုကို DARPA ၏ Hybrid Insect Micro Electromechanical Systems (HI-MEMS) အဖွဲ့မှ ငွေကြေးထောက်ပံ့ပေးထားခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် အဆိုပါနည်းပညာကို စီးပွားဖြစ်ဈေးကွက်တင်နိုင်ရန်လည်း သုတေသီများကမျှော်လင့်ထားကြသည်။

No comments:
Post a Comment