Sunday, December 18, 2011

ဖိလစ်ပိုင်မုန်တိုင်း လူ ၄၀၀ ကျော်သေဆုံး

Residents stand in floodwaters after flash floods brought by Typhoon Washi (Sendong) hit Iligan city, southern Philippines December 17, 2011.
ဓာတ်ပုံ Reuters
Washi တိုင်ဖုံးမုန်တိုင်းဒဏ်ခံခဲ့ရသည့် ဖိလစ်ပိုင်တောင်ပိုင်း Ilgan မြို့ လူနေရပ်ကွက်တစ်ခု။ (ဒီဇင်ဘာလ ၁၇၊ ၂၀၁၁)
ဖိလစ်ပိုင်နိုင်ငံမှာ ရွာတွေ ရွာလုံးကျွတ် ပင်လယ်ထဲပါသွားစေခဲ့တဲ့ ပြင်းထန်တဲ့မုန်တိုင်း တိုက်ခိုက် သွားတာကြောင့် အခုအခါ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေရပါတယ်။ ၀ါရှီ (Washi) တိုင်ဖုံးမုန်တိုင်းဟာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို (Mindanao) ဒေသကို တိုက်ခိုက်ခဲ့တာကြောင့် ဒေသတခုလုံးမှာ လေပြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပါတယ်။
မုန်တိုင်းကြောင့် ရေကြီးမှုတွေ၊ မြေပြိုမှုတွေပါ ဆက်ဖြစ်လာပြီး လူအသေအပျောက်တွေ ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် သေဆုံးတဲ့ အရေအတွက်ကို စုဆောင်းနေရာမှာ အခုနောက်ဆုံး ၄၃၆ ဦး ရှိသွားပြီလို့ ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က စနေနေ့မှာ ပြောခဲ့ပါတယ်။ ၂၄ နာရီ ကြာတဲ့အထိ ရုပ်အလောင်း တော်တော်များများ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုချက် မယူနိုင်သေးဘူးလို့ ကြက်ခြေနီ အတွင်းရေးမှူးချုပ် ဂွမ်ပန်း (Gwen Pang) က အေပီ သတင်းဌာနကို ပြောပါတယ်။ တချို့နေရာတွေမှာ မိသားစုလိုက် သေဆုံးမှုတွေတောင် ရှိတယ်လို့ သိရပါတယ်။
လူရာနဲ့ချီ ပျောက်ဆုံးနေဆဲရှိတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေဟာ ရွံ့နွံတွေထဲကနေ လူသေအလောင်းတွေကို ဆွဲထုတ်နေရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း အများစုကို ကုန်းတွင်းပိုင်းမှာပဲ အဓိကထား လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ်းရိုးတန်းတလျှောက် ရေထဲမြောပါသွားတဲ့ အသက်ရှင်ကျန်ရစ်သူ အတော်များများကိုလည်း မော်တော်ငယ်တွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေက ကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခု မုန်တိုင်းဒဏ်ခံရတဲ့ မင်ဒါနာအို ဒေသဟာ  ဖိလစ်ပိုင်နိုင်ငံရဲ့ အခြားနေရာတွေနဲ့မတူဘဲ အခုလို ပြင်းထန်တဲ့မုန်တိုင်းမျိုး ၀င်ခဲတဲ့အရပ် ဖြစ်တယ်လို့ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ထောင်နဲ့ချီတဲ့ စစ်သားတွေနဲ့ ရဲတွေက ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်နေကြပေမဲ့ လမ်းတွေ ပိတ်ဆို့နေလို့ လျှပ်စစ်မီးမရတဲ့ အခက်အခဲတွေကြောင့် လုပ်ငန်းနှောင့်နှေးမှုတွေ ရင်ဆိုင်နေရပါတယ်။ မုန်တိုင်းကြောင့် သောင်းနဲ့ချီ ဖိလစ်ပိုင်ပြည်သူတွေ အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုးဆုံးနေရာတွေကတော့ Iligan နဲ့ Cagayan de Oro မြို့တွေ ဖြစ်ကြပါတယ်။ အဲဒီမှာ ရေတွေ ကြီးနေတာကြောင့်လည်း ဒေသခံအချို့ဟာ သူတို့နေအိမ် အမိုးတွေပေါ်ကနေ ကယ်ဆယ်မယ့်သူကို စောင့်မျှော်နေကြရပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text