“ကျွန်တော်တို့ ဒါကို ပြန်တောင်းထားပါတယ်။ လောလောဆယ်တော့ အီရန်ဘက်က တုံ့ပြန်မှုကို ကျွန်တော်တို့ စောင့်နေတုန်းပဲ”


(အီရန်တွင် ပျက်ကျခဲ့သည့် အမေရိကန် မောင်းသူမဲ့လေယာဉ်)
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားသည် RQ-170 အမျိုးအစား လေယာဉ်နှင့် ပတ်သက်ပြီး ထောက်လှမ်းရေး အချက်အလက်များအတွက် မည်သည့် မှတ်ချက်မျှ မပေးခဲ့ချေ။ သို့သော်လည်း အီရန်ထံမှ လေယာဉ်ကို ပြန်လည် တောင်းယူထားကြောင်း အတည်ပြုခဲ့သည်။ “ကျွန်တော်တို့ ဒါကို ပြန်တောင်းထားပါတယ်။ လောလောဆယ်တော့ အီရန်ဘက်က တုံ့ပြန်မှုကို ကျွန်တော်တို့ စောင့်နေတုန်းပဲ”ဟု အိုဘားမားက ပြောကြားသွားသည်။ အီရန်ပါလီမန်၏ အမျိုးသား လုံခြုံရေး ကော်မတီမှ ပါဗစ်ဇ် ဆိုရိုရီက မိမိတို့သည် နိုင်ငံပိုင်နက်အတွင်း အမေရိကန်၏ ကျူးကျော်မှုအတွက် အရေးဆိုရန် စီစဉ်ထားကြောင်း ကြေညာထားသည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ဟီလာရီ ကလင်တန်က အီရန်နိုင်ငံသည် အဆိုပါ လေယာဉ်ကို ပြန်ပေးဖွယ် မရှိဟု မိမိထင်မြင်ထားကြောင်း ၀န်ခံခဲ့သည်။ “ကျွန်မတို့ စိုးရိမ်တာ ဘာလဲဆိုတာ သေချာ သဘောပေါက်ပါတယ်။ ကျွန်မတို့ဘက်က ကနဦး တောင်းဆိုမှုတစ်ခု ပြုလုပ်ပြီး ကျွန်မတို့ရဲ့ ပျောက်ဆုံးနေတဲ့ စစ်ပစ္စည်းတစ်ခုကို တောင်းဆိုပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ လက်ရှိအနေအထားအရ ကျွန်မတို့ မျှော်လင့်ချက် သိပ်နည်းပါတယ်”ဟု ဟီလာရီက ပြောကြားသွားသည်။ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က မိမိတို့သည် မောင်းသူမဲ့ လေယာဉ်ကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ လေယာဉ်သည် အဆင့်မြင့် နည်းပညာသုံး ကိုယ်ပျောက်လေယာဉ်ဖြစ်ပြီး အီရန်၏ အရှေ့ဘက်ခြမ်း အာဖဂန်နစ္စတန်နှင့် နယ်နိမိတ်အနီးတွင် အမေရိကန်တို့၏ ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားပြီး အီရန်လက်သို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။

No comments:
Post a Comment