Saturday, November 5, 2011

ကမ္ဘာ့အကြီးမားဆုံး ခြေထောက်ပိုင်ရှင် ဂင်းနစ်စံချိန်သစ်တင်



ကမ္ဘာ့ခြေထောက်အကြီးဆုံး ဘရာဟင်း တာကီအိုလာ။
ဓာတ်ပုံ - အေအက်ဖ်ပီ
ပါရီ- ဘရာဟမ်တာကီအိုလာနှင့် ပတ်သက်၍ လူတွေ ပထမဆုံး သတိပြုမိသည်မှာ သူ့ခြေထောက်မဟုတ်ပေ။ သူက သူ၏ကြီးမားသော ခြေထောက်ကြောင့် သူကျော်ကြားမည်ဟု မျှော်လင့်ခဲ့သော်လည်း သူ၏ အရပ်ကြောင့် သူ့အား လူအများသတိထားမိကြသည် ဆိုသည်။
သူ၏အရပ်မှာ ရှစ်ပေကျော်သည်။ ပါရီမြို့လယ်လမ်းမများပေါ် သူလမ်း လျှောက်သွားသည့်အခါ လူအများက အံ့ဩကြသည်။
ငေးကြည့်ကြသည်။
ဓာတ်ပုံရိုက်ကြသည်။
သူက အရပ်ရှည် ရုံမျှမက ခြေချောင်းများမှာလည်း ကမ္ဘာ့အကြီးဆုံးဖြစ်သည်။
ဂင်းနစ် ကမ္ဘာ့စံချိန် သတ်မှတ်ရေး အဖွဲ့က ပြင်သစ်သို့လာပြီး သူ့အား တိုင်း တာကြည့်သည့်အခါ ကမ္ဘာ့စံချိန်ကို သူချိုးနိုင်ခဲ့သည်ဟု အတည်ပြုနိုင်ခဲ့သည်။
သူ၏ ဘယ်ဘက်ခြေထောက် အရှည်မှာ တစ်ပေနှင့်သုံးလက်မရှိပြီး ညာဘက်ခြေထောက်မှာ တစ်ပေနှင့် ၂ ဒသမ ၇၆ လက်မ ရှိသည်ဆိုသည်။
တာကီအိုလာသည် မော်ရိုကိုဇာတိ ဖြစ်ပြီး ရွာငယ်ကလေးတစ်ရွာတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။
သူ ဆယ်ကျော်သက် အရွယ်ကဆိုလျှင် တစ်နှစ်အတွင်း သုံးပေကျော်အရပ်မြင့် လာခဲ့ကြောင်း သိရသည်။
သူ၏ကျောင်းမှ ဆရာဝန်က သူ၏ အရွယ်အစားကို သတိပြုမိပြီး သွေးစစ် ကြည့်ရန်ပြောသည်။
သွေးစစ်ကြည့် သောအခါ သူသည် acromegaly ဟုခေါ်ဆိုသော ရှားပါးပြီး ဖြစ်လေ့ ဖြစ်ထနည်းပါးသည့် ရောဂါတစ်မျိုး ရှိနေသည်ဟု သိရသည်။
acromegaly ရောဂါမှာ ဦးနှောက်၏ အောက်ပိုင်းရှိ ခန္ဓာကိုယ်ကြီးထွား မှုကို ဖြစ်စေသော ဟော်မုန်းထုတ်ပေးသည့် အကျိတ်ဂလင် ဖောက်ပြန်သည့် ရောဂါဖြစ်သည်။
၎င်းအကျိတ်က ကြီးထွားမှုကိုဖြစ်စေသော ဟော်မုန်းကို အလွန်အကျွံထုတ်လွှတ်နေခြင်း ဖြစ်သည်။
ယင်းဦးနှောက်အကျိတ် (brain tumour) သည် ခန္ဓာကိုယ်အရွယ်အစား ကြီးမားစေခြင်းအပြင် တခြားပြဿနာများကိုလည်း ဖြစ်စေသည်ဟု သိရသည်။
တာကီအိုလာအား ခွဲစိတ်ကုသမှုခံယူရန် ဆရာဝန်က အကြံပေးခဲ့သည်။
သို့သော် သူသည် တက္ကသိုလ်တွင် ပထ၀ီဘာသာအဓိကဖြင့် သင်ယူနေမှုကို ပြီးဆုံးပြီးမှသာ ခွဲစိတ်မှုခံယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သူ ကုသမှုခံယူသော အခါတွင် သူသည် ကမ္ဘာ့အရပ်အရှည်ဆုံး စံချိန် တင်ထားခဲ့သော တူရကီနိုင်ငံမှ တိုဆင်ဆိုသောလူ၏ အရပ်ကို မီလုနီးနီး ဖြစ်နေပြီဟု သိရသည်။
တာကီအိုလာ ကလည်းဂင်းနစ် ကမ္ဘာ့ စံချိန်ချိုးသူအဖြစ် သူ၏ ကျော်ကြားမှုသည် သူ၏ ရောဂါကို ကုသပေးရန် ဆရာဝန်ရှာဖွေရာ၌ အထောက်အကူပြုမည်ဟုမျှော်လင့်သည်ဟု ဆိုသည်။ (အေအက်ဖ်ပီ) ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text