Saturday, November 5, 2011

ငှက်ဖျား ကာကွယ်ဆေး ထုတ်ရန် မျှော်လင့်နိုင်ခြေရှိ


 ကမ္ဘာ့ပထမဆုံးငှက်ဖျား ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် အဆင့် တစ်ဆင့် မြင့်တက်လာခဲ့သည်ဟုသိရ သည်။ ၎င်းမှာ အာဖရိကတွင် ကုသရေး ဆေးခန်းများ၌ ၎င်းကာကွယ်ဆေးကို စမ်းသပ်ထိုးသွင်းပေးမှုဖြင့် အာဖရိကရှိ ကလေးငယ်များ ငှက်ဖျားဖြစ်နိုင်ခြေ တစ်ဝက်ခန့်အထိလျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။
RTS,S ဟု အမည်ပေးထားသော ၎င်း ကာကွယ်ဆေးကို ဗြိတိသျှဆေးဝါး ကုမ္ပဏီကြီးဖြစ်သည့် GlaxoSmith-Kline's ၏ ဘယ်လ်ဂျီယံ နိုင်ငံရှိ ဓာတ်ခွဲခန်း၌ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် မဟုတ်သော ကပ်ပါးပိုးကို တားဆီးနိုင်သည့် ပထမဆုံးကာကွယ်ဆေးတစ်မျိုး ဖြစ်သည်။
ယင်းစမ်းသပ်ထိုးသွင်းမှုကို ဆာဟာရ သဲကန္တာရတောင်ပိုင်း အာဖရိကနိုင်ငံများရှိ ဒေသ ၁၁ ခုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကျွမ်းကျင် သူများက ၎င်းကို နှစ်စဉ် လူရှစ်သိန်းခန့် သေဆုံးနေသော ခြင်မှ ကူးစက်သည့် ရှေးကတည်းကရှိခဲ့သော ရောဂါကို အမြစ်ပြတ် ရှင်းလင်းနိုင်ရန် အလားအလာရှိသော ခြေလှမ်းတစ်ခု အဖြစ် ကြိုဆိုခဲ့ကြသည်။
ယင်းသုတေသနရလဒ်ကို New England Journal of Medicine ၏ ၀က်ဘ်ဆိုက်တွင် ထုတ်ဝေခဲ့ပြီး ဘီလ်နှင့် မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်း၏ ၀ါရှင်တန်ပြည်နယ်၊ ဆီယက်တယ်မြို့တွင် ပြုလုပ်ခဲ့သော ငှက်ဖျားနှီးနှောဖလှယ်ပွဲ၌လည်း ချက်ချင်းကြေညာ ခဲ့သည်။
၎င်းရှာဖွေတွေ့ရှိမှုကို ပရဟိတအလှူရှင် သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်စ်က အသက် ထောင်ပေါင်းများစွာကို ကယ်တင်နိုင်မည့် အလားအလာအဖြစ် ဖော်ပြခဲ့သည်။
အသက် ငါးလမှ ၁၇ လကြား ကလေးငယ်များကို ယင်း ကာကွယ်ဆေးသုံးကြိမ် ထိုးထားပါက သာမန် ငှက်ဖျားရောဂါ ဖြစ်ပွားရန် အလားအလာ ၅၆ ရာခိုင်နှုန်းလျှော့ချ နိုင်မည်။
၎င်းသာမန်ငှက်ဖျား ရောဂါမှာ ကိုယ်အပူချိန်တက်ခြင်းနှင့် ချမ်းတုန် ခြင်းတို့ဖြစ်သည့် အဆင့်ဖြစ်သည်။
သေစေနိုင်ပြီး ငှက်ဖျားပိုး သွေး၊ ဦးနှောက်နှင့် ကျောက်ကပ်များအထိ ရောက်သောအဆင့်ဖြစ်သည့် ပြင်းထန်သော ငှက်ဖျား ရောဂါအတွက်မူ ငှက်ဖျား ဆေးထိုးထားသည့်ကလေးများသည် ရောဂါဖြစ်ပွားရန် အလားအလာ ၄၇ ရာခိုင်နှုန်း လျှော့ချနိုင် သည်ဆိုသည်။
ယင်းလေ့လာမှုကို စမ်းသပ်ဆေးထိုး ပြီး ၁၂ လအတွင်းရှိ ကလေးငယ် ၆,၀၀၀ မှရရှိသော အချက်အလက်များဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
အသက် ခြောက်ပတ်မှ ၁၂ ပတ်ကြား လူမမည်ကလေးများအတွက် ပြုလုပ် သည့် စမ်းသပ်မှုအဖြေကိုမူ လာမည့်နှစ်မှ ရရှိမည်ဟု သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ၂၀၀၉ ခုနှစ်တွင် ငှက်ဖျား ရောဂါဖြင့် သေဆုံးသူ ၇၈၁,၀၀၀ ရှိပြီး ၎င်း၏ ၉၀ ရာခိုင်နှုန်းမှာ အာဖရိကဒေသ တွင်ဖြစ်သည်။ ၉၂ ရာခိုင်နှုန်းမှာ အသက် ငါးနှစ်အောက် ကလေးများဖြစ် သည်ဟု သိရသည်။
ယင်းငှက်ဖျားကာကွယ်ဆေးသည် ငှက်ဖျားကပ်ပါးပိုးဖြစ်သည့် Plasmodium Falciparum ကို တိုက်ဖျက်ရန် လူ့ခန္ဓာကိုယ်၏ ခုခံအားစနစ်ကိုလှုံ့ဆော် ပေးသည်ဟု ဆိုသည်။
ဘေးထွက်ဆိုးကျိုးမှာ ကိုယ်အပူချိန် အနည်းငယ်တက်ရုံနှင့် ဆေးထိုးသော နေရာတွင် ဖူးရောင်ရုံသာရှိသည်ဟု ဆိုသည်။
၎င်းမှာ တခြား ကလေးဘ၀ ထိုးရသော ကာကွယ်ဆေးအများစု ဖြစ်လေ့ရှိသည့်အရာမျိုးသာဖြစ်သည် ဟု ဆိုသည်။
ဤကာကွယ်ဆေးကို အာဖရိက ကလေးငယ်များထံ ၂၀၁၅ ခုနှစ်တွင် ရောက်ရှိနိုင်မည်ဟု Glaxo SmithKline ဆေးကုမ္ပဏီ၏ အမှုဆောင် အရာရှိ အင်ဒရူးဝီတီက ပြောကြားသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text