Friday, November 18, 2011

ဟိုတယ်၊ ခရီးသွား လုပ်ငန်းရှင်များအား ယာဉ်တင်သွင်းခွင့်ပေးမည်

ဟိုတယ်၊ ခရီးသွား လုပ်ငန်းရှင်များအား ယာဉ်တင်သွင်းခွင့်ပေးမည်
အမေရိကန်ဒေါ်လာ ၅၀၀၀၀ ၀င်ငွေရှိသော ဟိုတယ်၊ ခရီးသွား လုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင် များအား ရန်ကုန်ဆိပ်ကမ်းအရောက် အမေရိကန် ဒေါ်လာ ၂၅၀၀၀ ထက်မပိုသော ယာဉ်တင် သွင်းခွင့် ပေးမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလိုင်စင်နှင့် ခရီးလှည့်လည်ရေးလိုင်စင် ရရှိ၍ ခရီးသွားလုပ်ငန်း ဆောင်ရွက်လျက် ရှိကြသော လုပ်ငန်းရှင်များအား ယာဉ်တင်သွင်းခွင့်ပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
“အရင်က ကုမ္ပဏီတွေဆိုရင် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀၊ နိုင်ငံရပ်ခြားမှာ တာဝန်ထမ်းဆောင် နေသူဆိုရင် အမေရိကန်ဒေါ်လာ ၃၀၀၀၀ ရှိရင် ကားတင်ခွင့်ပေးမယ် လို့ဆိုခဲ့တယ်။ အခုကတော့ဟိုတယ်၊ မိုတယ်၊ ခရီးသွားလုပ်ငန်းရှင်တွေ က ဒီကြားထဲကနှုန်းနဲ့ အမေရိကန် ဒေါ်လာ ၅၀၀၀၀ ၀င်ငွေရှိရင် တင်သွင်းခွင့်ရထားတယ်။ ဒါကတော့ ထူးခြားမှုပေါ့”ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ပြောကြားသည်။
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလိုင်စင်နှင့် ခရီးလှည့်လည် ရေးလိုင်စင်ရယူထားပြီး ခရီးသွား လုပ်ငန်းဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များသည် လိုအပ်သော စာရွက်စာတမ်းများနှင့် ယာဉ်တင်သွင်းခွင့်ကို ဆောင်ရွက်နိုင်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံသည် လက်ရှိအနေအထားများအရ နိုင်ငံခြားသားခရီး သွားဝင်ရောက်မှု၌ ပိုမိုတိုးတက် လာနိုင်ခြေရှိနေပြီး တိုးတက်ဝင် ရောက်လာမည့် ခရီးသွားများအတွက် အခြေခံအဆောက်အဦပိုင်း လိုအပ်မှုရှိနေရာတွင် ၀န်ဆောင်မှုပေးနိုင်မည့် ကားအရေအတွက် လောက်ငှမှုမရှိခြင်းသည်လည်း အပါအ၀င်ဖြစ်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့ ထံမှ သိရှိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ထုတ်ပြန်ထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ၀န်ဆောင်မှုပေးနိုင်သည့် လိုင်စင်ရပို့ဆောင်ရေး ယာဉ်များ အနေဖြင့် အဝေးပြေး ဇိမ်ခံဘတ်စကား ၇၃ စီး၊ မီနီဘတ်စ် ၃၈ စီး၊ ဗဲန် သုံးစီး၊ ဆလွန်း ၁၈ စီး စသည်ဖြင့် ရှိနေသည်ဟု သိရှိရသည်။
၂၀၁၀ ပြည့်နှစ်အတွင်းက ခရီးသွားများပြားသည့် ကာလများတွင် ဟိုတယ်အခန်း မလောက်ငှမှုများ၊ ကားငှားရန် ခက်ခဲမှုများရှိခဲ့ကာ အဆင့်မီ ခရီးသွားကားများ တင်သွင်းခွင့်ရရန် လုပ်ငန်းရှင်များက မျှော်လင့်ခဲ့ကြသည်။
“၁၉၉၆ နောက်ပိုင်းကတည်းက မကြားဖူးတာကို ကြားရတာပေါ့။ လုပ်ငန်းရှင်တွေ အားလုံးကတော့ စိတ်ဝင်စားကြပါတယ်။ ကားစုတ်တွေ စီးနေရတာကြာတော့ ဧည့်သည်ကို ၀န်ဆောင်မှုပေးရတာကအစ အဆင်မပြေကြဘူး”ဟု Myanmar Polestar ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းထင်က ပြောကြားခဲ့သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text