
အိန္ဒိယနိုင်ငံ၏ အထင်ကရကားကုမ္ပဏီတစ်ခုဖြစ်သော TA TA ကားများကို ပြည်တွင်းမှပင် အလွယ်တကူဝယ်ယူနိုင်ရန် ကုမ္ပဏီတစ်ခုနှင့်ချိတ်ဆက်ကာ ဆောင်ရွက်ထားကြောင်းသိရှိရသည်။ TA TA ထုတ် ကားအမျိုးအစားဆယ်မျိုးကျော်ခန့်ကို ပြည်တွင်းမှဝယ်ယူနိုင်မည်ဖြစ်သည်။ “လိုင်စင်ဝင်ပေးတာမျိုး ဆောင်ရွက်ပေးပါတယ်။ အခွန်ကတော့ Customer က ဆောင်ရမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးကပြောသည်။ တပ်မတော်ခန်းမတွင် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိကျင်းပသည့် အိန္ဒိယနိုင်ငံထုတ်ကုန်ပြပွဲတွင် အဆိုပါကားများကို ပြသရောင်းချလျက်ရှိပြီး ကားဝယ်ယူလိုသူများအား ပြည်တွင်းမှ APEX Greatest Industrial Co.,Ltd မှ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အဆိုပါ TA TA ကားများအား ၀ယ်ယူလိုပါက အမည်စာရင်း ပေးသွင်းထားရန်လိုအပ်ပြီး မှာယူသော ကားများရောက်ရှိလာပါက ကုမ္ပဏီမှ အကြောင်းကြားသွားမည်ဖြစ်ကြောင်း ပြပွဲမှ အရောင်းတာဝန်ခံတစ်ဦးက ရှင်းပြသည်။ TA TA Motors ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်ချက်များအနေဖြင့် အကြီးစား ကုန်တင်ယာဉ်ထုတ်လုပ်မှုအတွက် အိန္ဒိယနိုင်ငံ၏ချေးငွေ line of Credit (loC) စနစ်ဖြင့် အမေရိကန်ဒေါ်လာသန်း ၂၀ ကို အမှတ်(၂) စက်မှုဝန်ကြီးဌာန မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင်လုပ်ငန်းမှ အမှတ် (၁၃) အထွေထွေအကြီးစားစက်ရုံ (မကွေး) အား အကောင်အထည်ဖော် တည်ဆောက်ခဲ့ကြောင်း ပထမအဆင့်အနေဖြင့် Tata Motors Limited မှ (SKD) ယာဉ်အစိတ်အပိုင်းများ တင်သွင်းရေး မော်တော်ယာဉ်အဖြစ်သို့ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံကို ၃၁.၁၂.၂၀၁၀ တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ်ခေါင်းခန်းနှင့် အောက်ခံကိုယ်ထည်သံဘောင်များကို တိုးချဲ့ထုတ်လုပ်နိုင်သည့် စီမံကိန်း၏ ဒုတိယအဆင့်ကို ယခုလအတွင်း ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းစက်ရုံ ပြည့်စုံစွာပြီးစီးသွားပါက ၄ တန်မှ ၂၁ တန်အထိ ကုန်တင်ယာဉ်များ ထုတ်လုပ်နိုင် မည့်အပြင် အမျိုးမျိုးသော ခရီးသည်တင်ယာဉ်များအတွက် အောက်ခံကိုယ်ထည်သံဘောင်များကိုပါ ယင်းစက်ရုံတွင် ထုတ်လုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ ယင်းစက်ရုံသည် တစ်နှစ်လျင် အစီးရေ ၁၀၀၀ ထုတ်လုပ်နိုင်ပြီး အစီးရေ ၅၀၀၀ အထိ တိုးချဲ့ထုတ်လုပ်နိုင်စွမ်းရှိကြောင်းသိရသည်။

No comments:
Post a Comment