ပြည်တွင်း အင်တာနက်လိုင်းများတွင် ကြည့်ရှုခွင့် ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်များအားလုံး ဖွင့်ပေးပြီးနောက် အင်တာနက်မြန်နှုန်းများ သိသာစွာ ကျဆင်းသွားခဲ့ကြောင်း၊ အင်တာနက် မြန်နှုန်းများ မြှင့်တင်ပေးရန် အစီအစဉ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ပြည်တွင်းအင်တာနက်လိုင်းများ နှေးကွေးသွားခြင်းနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးကလည်း “အခုပိတ်ထားတာက ညစ်ညမ်းဝက်ဘ်ဆိုက် နှစ်သောင်းကျော်ပဲရှိပါတော့တယ်။ အရင်က ပိတ်ထားတဲ့ဘလော့ဂ်တွေရော၊ ဆိုက်တွေပါ အားလုံးတော့ ပြန်ဖွင့်ပေးလိုက်ပါပြီ။ အခုဆို ဆိုက်တွေ တော်တော်များများကို Proxy မကျော်ဘဲ ကြည့်လို့ရသွားပြီဆိုတော့ ဆိုက်ဖွင့်တဲ့သူတွေ အရမ်းများနေပြီး လိုင်းတွေလဲ နှေးသွားတယ်လို့ သိရပါတယ်။ အဲဒါအတွက်လဲ ဆက်လက်ဆောင်ရွက်ပေးသွားဖို့ စီစဉ် နေပါတယ်” ဟု ပြောခဲ့သည်။
“ အခုရက်ပိုင်းမှာ သုံးတဲ့သူများလာလို့တော့ထင်တာပဲ အင်တာနက်လိုင်းတွေ အရမ်းကျတယ်။ သုံးရတဲ့သူတွေအတွက် ဆားဗစ်လိုက်ရတာအရမ်းပဲ။ သုံးကြတဲ့သူတွေအတွက် လိုင်းကျကျနေတော့လေ သူတို့လဲ အချိန်ပိုကြာကြာသုံးမှ သူတို့တွေ့ချင်တဲ့သူတွေနဲ့ တွေ့ကြရတယ်။ လိုင်းတက်လိုက်ကျလိုက်နဲ့ ဖြစ်နေတာ တစ်ပတ်လောက်တော့ရှိသွားပြီ” ဟု တာမွေမြို့နယ်အတွင်းရှိ အင်တာနက်ဆိုင်တစ်ခုမှ ပိုင်ရှင် ကိုသန်းစိုးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်တွင်းတွင် သုံးစွဲခွင့် ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်များအားလုံးအား ပြန်လည်ဖွင့်ပေးခဲ့ကာ မိသားစုများကြည့်ရှုရန် မသင့်တော်သော ညစ်ညမ်းဝက်ဘ်ဆိုက်များကိုသာ ပိတ်ပင်ထားကြောင်း ယခုရက်ပိုင်းအတွင်းမှာပင် လိုင်းပေါင်းသုံးသောင်းကျော် ထပ်မံဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
“အခုလိုင်းတွေ အရမ်းကျတယ်။ သုံးရတာ တော်တော်ကို အဆင်မပြေဘူး။ လိုင်းကျတော့ ပြန်တက်မယ့် အချိန်စောင့်ရင်း အင်တာနက်ဖိုးက အရင်ထက် နှစ်ဆလောက်ကို ကုန်နေတာ၊ အင်တာနက်မြန်နှုန်းတွေထပ်ပြီး ဆောင်ရွက်ပေးမယ်ဆိုရင်တော့ အရမ်းကိုကောင်းမှာ” ဟု အင်တာနက်သုံးစွဲသူတစ်ဦးက ပြောသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment