Sunday, October 23, 2011

လူသားတွေရဲ့ ကောင်းကျိုးဆောင်ရွက်ဖို့ ကျေနပ်မိတယ်၊ ကမ္ဘာကြီးကို ကူညီနိုင်ဖို့ အကောင်းဆုံး ကြိုးစားမယ်လို့ ပြောတဲ့ ဂျက်လီ

ဂျက်လီကို ၁၉၆၃ ဧပြီလ ၂၆ ရက်နေ့မှ တရုတ်ပြည် ဘေဂျင်းမြို့မှာ မွေးဖွားခဲ့ပြီး နှစ်နှစ်သားအရွယ်မှာ ဖခင်ဆုံးသွားတဲ့ အတွက် မိသားစု ပင်ပန်းစွာနဲ့ ရုန်းကန်ခဲ့ကြရပါတယ်။ အသက်ရှစ်နှစ်အရွယ်မှာ ဝူရှူး ကိုယ်ခံပညာကို သင်ကြားခဲ့ပြီး ထူးချွန်တဲ့အတွက် ဆုတံဆိပ်ရရှိခဲ့ပါတယ်။
ငယ်စဉ်က တရုတ်နိုင်ငံရဲ့ အမျိုးသား ဝူရှူးအသင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ သွားရောက် ပြသခဲ့စဉ် ထိုစဉ်က သမ္မတ ရစ်ချက်နစ်ဆင်က သူ့ရဲ့ကိုယ်ရံတော်အဖြစ် လုပ်မလားဆိုတဲ့ အမေးကို . . . ‘တစ်ဦးတစ်ယောက်တည်းကို ကာကွယ်ရတဲ့အလုပ်မျိုး မလုပ်ချင်ပါဘူး။ ကျွန်တော် ကြီးပြင်း လာတဲ့အခါ တရုတ်လူမျိုး သန်းတစ်ထောင်ကို ကာကွယ်ပေးချင်ပါတယ်’လို့ ဖြေခဲ့တဲ့အတွက် သူ့ကို တရုတ်ပြည်သူ ပြည်သားတွေက လေးစားခဲ့ကြပါတယ်။
ကိုယ်ခံသိုင်းပညာရပ်နဲ့ ပတ်သက်ပြီး ပြောရာမှာ . . .‘ကျွန်တော်ဟာ အသက် ၁၆ နှစ်အရွယ်မှာ ကိုယ်ခံသိုင်းပညာ ရုပ်ရှင်ကားတွေ ရိုက်ခဲ့ပြီးပါပြီ။ ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ နောက်ထပ်ငါးနှစ်၊ ဆယ်နှစ်အတွင်း ဒီလိုကားမျိုးတွေ ဆက်မရိုက်ချင်တော့ဘူး’လို့ ပြောခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်က အိန္ဒိယ သမုဒ္ဒရာကြမ်းပြင်အောက်မှာ မြေငလျင်လှုပ်ခဲ့စဉ်က ဂျက်လီဟာ မော်လဒိုက်နိုင်ငံကို ရောက်ရှိနေခဲ့ပါတယ်။
ထိုစဉ်က သူနဲ့အတူ လေးနှစ်အရွယ် သမီးငယ် ဂျိန်းနဲ့၊ အသက် တစ်နှစ်အရွယ်သမီး ဂျေဒါနဲ့အတူ အထိန်းတော် အမျိုးသမီးတို့ဟာ ရေကူးကန်ဘေးနားမှာ ရှိနေခဲ့ကြပြီး ဆူနာမီဒဏ်ကနေ ကံအားလျော်စွာ လွတ်မြောက်လာခဲ့ကြပါတယ်။ ဂျက်လီရဲ့ ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရသွားတာကလွဲလို့ ဘာမှ ကြီးကျယ်စွာ မထိခိုက်ခဲ့ကြပါဘူး။ သူ့ရဲ့ The One Founding ကို ထူထောင်ပြီး တရုတ်ပြည်မှာ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ စူချွန်ငလျင်မှာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ လခြမ်းနီနဲ့ ကြက်ခြေနီအသင်းရဲ့ အထူး သံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး. . . ‘ကျွန်တော် ဒီနေ့ အဲဒီ အဖွဲ့အစည်းနဲ့ လုပ်ဖို့ လက်မှတ်ထိုးလိုက်ပါပြီ။ လူသားတွေရဲ့ ကောင်းကျိုးဆောင်ရွက်ခွင့်ရတဲ့အတွက် အလွန်ကျေနပ်အားရမိပါတယ်။ ကမ္ဘာကြီးကို ကူညီနိုင်ဖို့ ကျွန်တော်အကောင်းဆုံး ကြိုးစားပါ့မယ်’လို့ ပြောခဲ့ပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text