သွေးချောင်းစီးတဲ့မြစ်
သွေးချောင်းစီးနေတဲ့ မြစ်ကို တွေ့ရှိတဲ့နေရာက Bonney ရေကန်ထဲကိုစီးဝင်တဲ့ Taylor ရေခဲမြစ်ရဲ့ အစွန်း အက်ကွဲကြောင်းကနေ စီးကျနေတာ ဖြစ်ပါတယ်။ အဲဒီနေရာတစ်ခုလုံးဟာ ရေခဲတွေ
ဖုံးလွှမ်းထားပြီး သက်ရှိလူသားများလည်း အခြေချ နေထိုင်ခြင်း မရှိတဲ့
အန္တာတိက ရေခဲပြင်အရပ် ဖြစ်ပါတယ်။ ဘူမိဗေဒပညာရှင်တွေဟာ ၁၉၁၁ခုနှစ်မှာ ၄င်း
သွေးမြစ်ကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး စစချင်းမှာတော့ Algae တွေကြောင့်
စီးကျလာတဲ့ မြစ်ရေဟာ နီရဲနေတယ်လို့ ထင်ခဲ့ကြပါတယ်။ သို့သော်လည်း ထပ်မံ
လေ့လာတွေ့ရှိချက်များအရ ရဲရဲနီနေတဲ့ သွေးရောင်လို အရည်များဟာ သံအောက်ဆိုဒ်
ဓာတ်ပေါင်းများပါဝင်တဲ့ ရေတွေဖြစ်ပြီး ရေခဲပြင်အောက် ပေ ၁၃၀၀ အနက်က
ထွက်ပေါ်လာတယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁.၅ မှ ၄သန်းခန့် လောက်ကတည်းက ပင်လယ်သမုဒ္ဒရာအောက် ရောက်ခဲ့စဉ်က အချို့သော ပင်လယ်ရေငံတွေဟာ ရေအိုင်အဖြစ်
ကျန်ရှိခဲ့ပြီး နှစ်သန်းများစွာ ကြာတဲ့အခါ ရေခဲပြင်တွေရဲ့ အောက်ခြေမှာ
ပိတ်မိနေခဲ့ကြပါတယ်။ ၄င်း ပိတ်လှောင်ခံနေရတဲ့ ရေငံထဲမှာ သက်ရှင်နေထိုင်
ကျက်စားတဲ့ သက်ရှိ ဇီဝလေးတွေဟာ အေးခဲပြီး ပိတ်မှောင်မွန်းကြပ်ကာ
အောက်ဆီဂျင်ရယ်လို့ မရှိသလောက် နည်းပါးကာ အသက်ရှင်သန်ဖို့ ခက်ခဲတဲ့
အခြေအနေမှာဘဲ ဆာလ်ဖာနဲ့ သံဓာတ်တွေ ကြားမှာ အသက်ရှင်အောင်
ကြိုးစားနေထိုင်ခဲ့ကြဟန် တူပါတယ်။ အဲဒီ သက်ရှိဇီဝလေးနဲ့ အလွန်ပေါကြွယ်ဝတဲ့
သံဓာတ်တွေကြောင့် ရေခဲပြင်အောက်ကနေ ထွက်လာတဲ့ ရေဟာ အနီရောင်အဖြစ်
ပြောင်းလဲသွားတာ ဖြစ်တယ်လို့ ပညာရှင်များက သုံးသပ်ကြပါတယ်။

ဒီသွေးမြစ်ကြီးကို တွေ့ရတာကြောင့်ဘဲ ပညာရှင်တွေ ထပ်မံ စဉ်းစားကြတာက အသက်ရှင်သန်ဖို့ အလွန်ဆိုးဝါး ခက်ခဲလွန်းတဲ့ အစွန်းရောက် အခြေအနေမျိုးမှာတောင်
သက်ရှိလေးတွေဟာ ရှင်သန်နိုင်တယ်ဆိုခဲ့ရင် အေးခဲမဲမှောင်နေတဲ့
အခြားဂြိုလ်တွေမှာလည်း သက်ရှိတွေ ရှိကောင်းရှိနိုင်တယ်လို့ ဆိုကြပြန်ပါတယ်။
ဘယ်သို့ပင် ဆိုစေ အန္တာတိကတိုက်ရဲ့ ရေခဲသောအရပ် ရေခဲမြစ်အောက်ခြေကနေ
ထွက်ပေါ်နေတဲ့ သွေးချောင်းစီး မြစ်ကြီးကတော့ မြင်တွေ့ချက်အရရော
သိပ္ပံပညာအရလည်း ထူးဆန်းအံ့သြဖွယ်တစ်ခု ဖြစ်နေခဲ့တာ သေချာပါတယ်။

No comments:
Post a Comment