Saturday, October 29, 2011

ပါရာစီတမောလ် လိုအပ်သည်ထက် ပိုသောက်လျှင် အဆိပ်သင့် သေဆုံးနိုင်

ပါရာစီတမောလ် လိုအပ်သည်ထက် ပိုသောက်လျှင် အဆိပ်သင့် သေဆုံးနိုင်
ပါရာ စီတမောလ် ဆေး ၅၀ဝ မီလီဂရမ် ဆေးပြားအား လိုအပ်သည်ထက် ပိုမို သောက်သုံးမိပါက အဆိပ်သင့် သေဆုံးနိုင်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန် ဦးစန်းထွေးက ပြောကြားသည်။ "အခြားဆေး တွေထက် ပါရာ စီတမောလ် ဆေးကို လူတွေက အလွယ်တကူ ဝယ်သောက်လေ့ ရှိကြတယ်။
ဒီဆေးရဲ့ အဓိကဘေးထွက်ဆိုးကျိုးက အသည်းရဲ့လုပ်ဆောင်မှုကို တိုက်ခိုက်တာပဲ။ အရွယ်ရောက်ပြီးတဲ့ လူတစ် ယောက်ဟာ ဆေးတစ်ခါသောက်ရင် ပါရာစီတမောလ် ၅၀ဝ မီလီဂရမ် ၂ ပြားထက်ပိုမသောက်သင့်ပါဘူး"ဟု ၄င်းက ထပ်မံပြောကြားသည်။ ပါရာစီတမောလ် လွန်ကဲသည့်လက္ခဏာများမှာ ဗိုက်အောင့်ခြင်း၊ အော့ အန်ခြင်း၊ မူးဝေခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်တတ်ပြီး အဆိုးဆုံး လက္ခဏာများ အဖြစ် မျက်လုံး ဝါခြင်း၊ ဆီးမည်းမည်း သွားခြင်း၊ အစာအိမ် အပေါ်ပိုင်း၌ နာကျင်ခြင်းစသည့် ဝေဒနာများ ဖြစ်ပွားတတ်ပြီး နောက်ဆုံး အခြေအနေ အဖြစ် အသက်ဆုံးရှုံး သည်အထိပင် ဖြစ်နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ပါရာစီတမောလ် ဆေးများမှာ နိုင်ငံစုံမှ ဝင်ရောက်ပြီး ဈေးနှုန်း အမျိုးမျိုးဖြင့် ရောင်းချနေကာ ဆေးတောင့်၊ ဆေးပြား၊ ဆေးရည်၊ စအိုတွင်းထည့်ဆေး တောင့် စသည်ဖြင့် ဆေးဝါးပုံစံအမျိုးမျိုးရှိကြောင်း သိရသည်။
"ဒီဆေးကို ပုံမှန်သောက်မယ်၊ စနစ်တကျသာသောက်မယ်ဆိုရင် ခေါင်းကိုက်တာ၊ြွကက်သားနာကျင်ကိုက်ခဲတာ၊ အဆစ်အမြစ်ရောင်၊ ခါးနာ၊ သွားကိုက်၊ အအေးမိဖျား နာတာတွေပျောက်ကင်းစေနိုင်ပေမယ့် ဆေးလွန် ရင်တော့ သေနိုင်ပါတယ်။ နောက်တစ်ခုက ဒီဆေးနဲ့ မတည့်ဘဲ ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာတာ၊ အသက်ရှူရတာခက်တာ၊ မျက်နှာ၊ လျှာနဲ့လည် ချောင်းစတဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းတတ်တာမျိုးလည်း တချို့ လာပြ တဲ့လူနာတွေမှာ တွေ့ရတယ်"ဟု အထက်ပါဆရာဝန်က ပြောကြားသည်။ မြန်မာနိုင်ငံအတွင်းရှိ အသက်အရွယ်ကြီးသည့်လူတချို့သည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲ၍ ပါရာစီတမောလ်ဆေးစားရင်း ဆေးစွဲသွားကာ ပဲလှော် စားသကဲ့သို့စားနေကြခြင်းများကို ရှောင်ရှားသင့်ပြီး အထက်ဖော်ပြပါလက္ခ ဏာများ ပေါ်လာပါက မိမိသဘောနှင့် မိမိဘာသာ ဆေးသုံးစွဲနေမှုကိုရပ်ပြီး ဆရာဝန်နှင့်အမြန်ဆုံးပြသကာ ကုသမှုခံယူသင့်ကြောင်း အထက်ပါပုဂ္ဂိုလ်က အကြံပြုပြောကြားသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text