ပြည်တွင်း၌ ရေသန့်ဘူး ဈေးကွက် ကျယ်ပြန့် လာနေမှု နှင့် အတူ ရပ်ကွက် တိုင်း၊ အိမ်တိုင်းတွင် သောက်သုံး နေကြသော ရေသန့်များ အနက် အချို့ ရေသန့် များမှာ ရေသန့်စင်မှု အဆင့် PPM (Part Per Million) အနေဖြင့် ကြည့်လျှင် စိုးရိမ် ရသော အခြေအနေ ရှိနေ သဖြင့် သတိထားရန် လိုအပ် လာနေပြီ ဖြစ် ကြောင်း ၂-၄-၂၀၁၁ ရက် က သိရသည်။ ရေသန့် စစ်ဆေးမှု အဆင့် PPM အရ ပြည်တွင်းရှိ နာမည်ကျော် ရေသန့် အချို့ပင် မသန့်စင်မှု PPM ၀ ဒသမ ၄၈ အထိ ရှိနေပြီး သာမန် တွင်းထွက် နှင့် အခြားသော ရေအမျိုးမျိုးမှာ ၀ ဒသမ ၅၁ PPM တွင် ရှိနေကြောင်း တိုင်းတာမှု တစ်ခု အရ သိရ သည်။ ယင်းကဲ့သို့ ဖြစ်နေရခြင်းမှာ ရေသန့်စက်များ ၏ လုပ်ဆောင် မှု အပိုင်း ချို့ယွင်း လာ၍ သော်လည်းကောင်း၊ လုပ်သားပိုင်း ဆိုင်ရာ မသန့်ရှင်း မှု အရ သော်လည်းကောင်း၊ ဖြစ်နိုင်ပြီး ထည့်သွင်းသည့် ရေသန့် ဘူးခွံကြောင့် လည်း ဖြစ်နိုင်ကြောင်း သိရသည်။ "အခု ဆိုရင် ရေသန့်ဘူးတွေကို ရမ်းပြီး မသောက်ရဲ တော့ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းလေး ကပဲ ရေသန့်ဘူး ပို့တဲ့ လူတွေ က ရေသန့်ဘူးတွေ ကို ဂျိုးဖြူ ရေပိုက်လိုင်း က ရေတွေနဲ့ ဆေးပြီး ပြန်ထည့် နေတာကို တွေ့ရတယ်။ တကယ်ဆို ရေသန့်ဘူးတွေ ကို သန့်စင်တဲ့ စက်နဲ့ သေချာ သန့်စင်ပြီး မှ ရေသန့်စက်ထဲ က ရေကိုပဲ ထည့်သင့်ပါ တယ်။ ဂျိုးဖြူရေတွေ ကို ပြန်ထည့်၊ ပါကင် ပိတ်ပြီး ပြန် လိုက်ပို့နေကြတဲ့ သူတွေ ရှိလာတော့ ရေသန့်ကို ဘယ်လို ယုံရမှန်း တောင် မသိတော့ ဘူး" ဟု ကျောက်တံတား မြို့နယ် ၃၉ လမ်းတွင် နေထိုင်သူ တစ်ဦးက သူ့မျက်မြင် ကိုယ်တွေ့ကို ပြောပြသည်။
ရေသန့်များကို စစ်ဆေးမှု အပိုင်း နှင့် ပတ်သက်၍ Technician တစ်ဦး ဖြစ်သူ ကိုဦးက "ပြည်ပနိုင်ငံတွေ မှာ အထူးသဖြင့် ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေ မှာဆိုရင် ကိုယ်ပိုင် ရေသန့်တိုင်းတဲ့ စက်ကလေး နဲ့ ရေကို မသောက်ခင် တိုင်းကြ တယ်။ ခုနကလို ပွိုင့် ၄၈ မပြောနဲ့၊ ၁၀ လောက် ဆိုရင် မသောက်ကြတော့ ဘူး။ ရေသန့်တယ်၊ မသန့်ဘူး ဆိုတာက မျက်စိနဲ့ မြင်နိုင်တာ မှ မဟုတ်တာ၊ ကြည်လင် ပေမယ့် ကြာလာတဲ့ အခါ လူကို ရောဂါ တစ်ခုခု ဖြစ်စေမှာ သေချာ တယ်" ဟု မသန့်ရှင်းသော ရေ သောက်သုံးခြင်း အကျိုးဆက်ကို ထောက်ပြ ပြောဆိုသည်။
ပြည်တွင်းရှိ လူထုကြားတွင် ရေ သန့် သောက်သုံးမှု မြင့်တက်လာမှု နှင့် အတူ ဈေးကွက် အတွင်းရှိ ရေသန့်အချို့ ၏ အနေအထား မှာ စိတ်မချ ရသော အဆင့်တွင် ရှိနေပြီး FDA ကလည်း စတင် စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ လူတစ်ဦး လျှင် ပျမ်းမျှ ရေသောက်နှုန်း မှာ တစ်နေ့ နှစ် လီတာ နှင့် အထက်တွင် ရှိနေပြီး ရေသန့် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ နှင့် စားသုံးသူ အားလုံးမှာ သတိပြု ဆင်ခြင် သင့်နေပြီ ဖြစ်ကြောင်း၊ ယင်း ကိစ္စကို သက်ဆိုင်ရာ တို့ကလည်း ပိုမို ထိရောက်စွာ ကိုင်တွယ် သင့်ကြောင်း သုံးသပ်သူများ က ဆိုထား သည်။

No comments:
Post a Comment