Sunday, December 11, 2011

Uncharted 3

news
လွန်ခဲ့တဲ့ နှစ်တွေ လတွေမှာ Playstation 3 ပိုင်ရှင်များ၊ God of War, Killzone, Yakuza, Resistance အစရှိတဲ့ PS exclusive တွေ ဆော့ကစားရလို့ အိပ်ရေး ပျက်ညတွေ ဆက်တိုက် ဖြစ်ခဲ့ရတာကို မသိချင် ယောင်ဆောင်ပြီး Sony Entertainment က p3 ဂိမ်မာများအတွက် သူ့ရဲ့ဂိမ်းရေးဆွဲသူကြီး Naughty Dog နဲ့ ပူးပေါင်းပြီး Action-adventure, Third-person perspetive ဂိမ်းဖြစ်တဲ့ Uncharted 3 ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ပွဲထုတ် လိုက်ပြန်ပါပြီ။ အားလုံးပဲ သိကြတဲ့ အတိုင်း ဒီ Uncharted Series တွေကိုတော့ အရင်ဆုံး Playstation 3 ကို ဝယ်ပြီးမှပဲ ဆော့ကစားနိုင်မှာပါ။ ဒီလိုဖြစ်အောင်လည်း ဒီလိုအကွက်ကြီးကြီး၊ စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းတွေနဲ့ P3 ရဲ့ရောင်း အားကိုမကျအောင် ထိန်းထားနိုင်တာ ကလည်း Sony Entertainment ရဲ့ အရည်အချင်းတစ်ခုလို့ပဲ ပြောရမယ်ထင်တယ်။
ဒီ Uncharted 3 ကိုတော့ ရှေးဟောင်းရတနာများကို ရှာဖွေရတာ ဝါသနာပါတဲ့ Uncharted Series ရဲ့ ဇာတ်လိုက် Nathan Drake နဲ့ သူ့ရဲ့အပေါင်း အဖော်ကြီး Victor Sullivan တို့ဟာ ပျောက်ဆုံးနေတဲ့ Iram of the Pillars မြို့တော်ကိုတွေ့ရှိဖို့ ကြိုးစား နေတာကို ဇာတ်လမ်း ဆင်ပြီး ရေးဖွဲ့ထားပါတယ်။ ဒီဂိမ်းကို အောင်မြင်တဲ့ ဂိမ်းတစ်ခုဖြစ်အောင် ရိုက်ကူးသူကတော့ Naughty Dog ကုမ္ပဏီအပြင် အရင် ကဂိမ်းထုတ်လုပ်တဲ့ စက်ရုံတွေမှာ ၁၇ နှစ်ကျော်ကျော် အလုပ်လုပ်ဖူးတဲ့ Amy Henning ဖြစ်တယ်လို့ သိရပါတယ်။ Uncharted 3 မှာ Campaign အခန်း ပေါင်း ၂၂ ခန်းပါဝင်ပြီး ကစားချိန် ၈ နာရီကနေ ၁၀ နာရီအထိ ကြာ မြင့်တာမို့ ဒီအချိန်တွေကို PS 3 ဂိမ်မာတွေရဲ့ ရွှေရောင်အချိန်တွေလို့ပဲ ပြောနိုင်ပါတယ်။ ဂိမ်းအစမှာတော့ Nathan Drake နဲ့ Victor Sullivan တို့ဟာ Talbot ဆိုသူနဲ့ England မှာရှိတဲ့ Pub တစ်ခုမှာ Sir Francis Drake ရဲ့လက်စွပ်ကို အရောင်းအဝယ်လုပ်ခါနီးအချိန် Talbot ရဲ့ ပေးငွေမမှန်ကန် တာကြောင့် ပြဿနာဖြစ်ပြီး ထိုးကြိတ်ရတာက ဇာတ်လမ်းစပါတယ်။
ဂိမ်းမို့လို့ပဲလား၊ Nathan Drake မို့လို့ပဲလားတော့ မသိပါဘူး။ Drake နဲ့ Sullivan ထွက်ပြေးတာကို အနောက်က သေနတ်နဲ့ လိုက်ပစ်တာမှာ တစ်ချက်ဆို တစ်ချက်မှကို မထိပဲနဲ့ လွတ်သွားပါတယ်။ ဒါတောင် ဟိုနှစ်ယောက်က အကာအကွယ် ဖြစ်ဖြစ်မြောက်မြောက်ယူပြီး ထွက်ပြေးတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ် မသေဘူးဆိုတော့ တော်တော်တော့ သဘောကျသွားပါတယ်။ ပြီးတော့ Naghan နဲ့ Sullivan ကို လူ ၁၅ ယောက်ထက်မနည်း ဝိုင်းသမကြတဲ့အချိန်မှာ သမခံရတဲ့ နှစ်ယောက်က အင်္ကျီကော်လံတောင်မကြေဘဲ ဝိုင်းသမတဲ့ လူတွေပဲ သိုင်းကွက်မိပြီး ပက်လက်လန်သွားပါတယ်။ ဒီလိုနဲ့ပဲ ဆက်ဆော့ ကြည့်ရင်း ဟိုဘက်အစွန်းနဲ့ ဒီဘက်အစွန်းခုန်ရတဲ့အခန်းတွေမှာ ဒီလောက် ဝိုင်းသတ်တာ တောင်မသေတဲ့ သိုင်းသမားဇာတ်လိုက်ပဲဆိုပြီး ကောင်း ကောင်းမွန်မွန်မခုန်မိတာ ၉ ပေလောက်တောင်မမြင့်တဲ့ သစ်ပင်ပေါ်က ပြုတ်ကျပြီး Nathan Drake ခမျာ သေပွဲဝင်ပါတယ်။ ဒါပေမဲ့လည်း ယခု Uncharted 3 မှာတော့ Uncharted 1,2 ထက် အများကြီးကောင်းတဲ့ အချက်များ ပါဝင်လာတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။
အနည်းဆုံးတော့ မိမိ ကိုဝိုင်းချုပ်ထားတဲ့ အချိန်မှာ Counter ပြန်တိုက်လို့ ရပါတယ်။ ဒါ့အပြင် One-handed နဲ့ One-handed သေနတ်အမျိုး အစားနှစ်ခုကို တစ်ပြိုင်ထဲကိုင် လို့ရလာပြီး အနီးကပ် တိုက်ခိုက် တာတွေကို ပိုပြီးသဘာဝကျလာအောင် ပြုပြင်ပေးထားပါတယ်။ ဥပမာအနေနဲ့ မိမိတစ်ယောက်ထဲ ရန်သူအများ အပြားကို Hand-to-hand တိုက်ခိုက်နိုင်အောင် ပြုပြင်ပေးထားတာမျိုး၊ အ နောက်ကချောင်းပြီး လုပ်ကြံလို့ရ လာတာမျိုးတွေပါ။ ဒီဂိမ်းဟာ PS3 exclusive ဂိမ်းဖြစ်တာနဲ့အညီ Texture ပိုင်းမှာ အရမ်းကောင်းမွန်ပြီး ရတနာတွေလိုက် ရှာတဲ့ လူတစ်ယောက်အနေနဲ့ ကစားရတာဖြစ်တဲ့အတွက် သဘာဝပတ် ဝန်းကျင်ကို အလေးအနက်ထား ဖန်တီးထားတာမို့ Action ဂိမ်းကြိုက် နှစ်သက်သူများ၊ကမ္ဘာပတ်ပြီး စွန့်စားခန်းဖွင့်လိုသူများအတွက်ကတော့ ဒီ Uncharted 3 ဂိမ်းကို မဖြစ်မနေ ဝယ်ယူထားသင့်ပါတယ်။ အခုလော လောဆယ် တော့ Patch Error ရှိနေသေးတဲ့ဂိမ်းဖြစ်ပြီးမေုန ရဲ့ ခရီးသွား မှတ်တမ်းကိုကြည့်ချင်လို့ (Select Button ) ကို နှိပ်မိပါက ဂိမ်းစက် Hang သွားတယ်လို့လည်း သိရပါတယ်။ နောက်ထပ်ရက်များများ မကြာခင်မှာပဲ အဆင်ပြေမယ့် Patch အသစ်ထွက်မယ်လို့ ကြားရတာမို့ ဂိမ်မာများအတွက် သတင်းကောင်းအဖြစ် ကြိုတင်အကြောင်းကြားလိုက်ရပါတယ်ခင်ဗျာ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text