Thursday, December 1, 2011

ဂျီအက်စ်အမ် အင်တာနက်သုံးစွဲခြင်းကို အသုံးပြုသူများနားမလည်ဟုဆို


ဂျီအက်စ်အမ်ဖုန်းနှင့် အင်တာနက်အသုံးပြုပြီးသည့်နောက်ပိုင်း အင်တာနက်စနစ်မှ ပြန်လည်ထွက်ခွာသည့်အဆင့်ကို အသုံးပြုသူများအနေဖြင့် အပြည့်အ၀နားလည်မှုမရှိသည့်အတွက် အင်တာနက်အသုံးပြုမှုဘီလ်များ ပိုမိုကျသင့်နေကြောင်း မိုဘိုင်းဟန်းဆက်ပြုပြင်ရေး လုပ်ကိုင်နေသူတစ်ဦးကပြောသည်။ “ဂျီအက်စ်အမ်ဖုန်းနဲ့ အင်တာနက်ချိန်ပြီးသုံးတဲ့အခါ အသုံးပြုသူအနေနဲ့ ပြန်မဖြုတ်တတ်တဲ့ပြဿနာ ကြုံနေရတယ်။ သူကအင်တာနက်ကို ဆက်လက်မသုံးပေမယ့်လည်း အင်တာနက်အသုံးပြုတဲ့ဘီလ်က တက်နေတယ်။ ဂျီအက်စ်အမ်ဖုန်းအတွက် အင်တာနက်အသုံးပြုနည်းကိုလည်း ဌာနဆိုင်ရာက တိတိကျကျနဲ့ ထုတ်ပြန်ထားတာမျိုးမရှိဘူး။ ဆက်သွယ်မေးတဲ့အခါမှာလည်း အသေးစိတ်မသိရဘူး။ ချိတ်ဆက်ထားတာကနေ ထွက်တဲ့အဆင့်က ခက်ခဲတာမျိုးမဟုတ်ဘူးဆိုပေမယ့် အသုံးပြုသူတွေအတွက် အလွယ်တကူတော့ဖြစ်မနေဘူး” ဟု ၎င်းကပြောသည်။ မိုဘိုင်းဖုန်းများနှင့် အင်တာနက်အသုံးပြုရာ၌ ဂျီအက်စ်အမ်ဖုန်းများသာ အဆိုပါပြသနာများကိုကြုံတွေ့နေပြီး စီဒီအမ်အေဖုန်းများအနေဖြင့် ကြုံတွေရခြင်းမရှိကြောင်း သိရသည်။ “ကျွန်တော်တို့ဖုန်းမှာ အင်တာနက်သုံးပြီး ထွက်လိုက်ပေမယ့်လည်း ချိတ်ဆက်မှုမပြုတ်တာကြောင့် အင်တာနက်အသုံးပြုထားတယ်ဆိုပြီး ဘီလ်တက်လာ တာမျိုးကြုံရတယ်။ ချိတ်ဆက်ထားတာကို ဖြုတ်တဲ့နည်းမေးတော့လည်း သေချာမသိဘူး။ ဒါကိုတိတိကျကျထုတ်ပြန်ပေးရင်တော့ ကောင်းမယ်ထင်ပါတယ်” ဟု ဂျီအက်စ်အမ်ဖုန်းနှင့်ကိုယ်တိုင် အင်တာနက်အသုံးပြုသူတစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ငွေကျပ် ၅ သိန်းဖြင့် စတင်ချထားပေးစဉ်ကာလ၌ အင်တာနက်စနစ်ကို တွဲဖက် အသုံးပြုခွင့်ပေးခဲ့သော်လည်း နောက်ပိုင်းထပ်မံချထားပေးသည့် ဂျီအက်စ်အမ်ဖုန်းလိုင်းများကိုမှု အင်တာနက်လိုင်း အသုံးပြုခွင့်ပေးခဲ့ခြင်းမရှိပေ။ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို EDGE နည်းပညာအသုံးပြု၍ အင်တာနက်သုံးစွဲခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါနည်းပညာအရ အင်တာနက်ချိတ်ဆက်ခြင်းနှင့် အသုံးမပြုလိုသည့်အခါများ၌ အင်တာနက်စနစ်ပြန်လည် ထွက်ခွာပုံများကို အသုံးပြုသူများအနေဖြင့် တိတိကျကျသိရှိလိုကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text