
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ရက်နေ့မှာ တရုတ်က ၄င်းရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောကို စတင်ရေချနိုင်ခဲ့သည်။ စင်စစ် အဲဒီလေယာဉ်တင်သင်္ဘောက အသစ်မဟုတ်။
ဆိုဗီယက်လုပ် Varyag သင်္ဘောဟောင်းဖြစ်ပြီး၊ ယူကရိန်းမှာ ရေပေါ် ကာစီနိုကစားဝိုင်းတွေ ပျော်ပွဲစားရုံတွေ ဖွင့်ထားတဲ့ သဘောင်္ကြီး ဖြစ်သည်။ တရုတ်က ၄င်းရဲ့ အရှေ့အာရှ စစ်ရေးရည်ရွယ်ချက်အတွက် ၂၀၀၁ ခုနှစ်မှာ ယူကရိန်းကနေ သန်း ၂၀ နဲ့ ပြန်ဝယ်ယူပြီး၊ ဖာထေးဖြတ်ဆက်နဲ့ လေယာဉ်တင်သင်္ဘောအဖြစ် ပြောင်းလိုက်ခြင်း ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်တို့ အဖို့ လပေါ် လူရောက်သကဲ့သို့ သူတို့ သဘောင်္ကြီးအတွက် ပျော်ရွှင်ခဲ့ကြသည်။
တကယ်တော့ အာရှ စစ်ရေးပြိုင်ဆိုင်ဖို့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတာ တရုတ်တစ်နိုင်ငံထဲ မဟုတ်။ ၄င်း အိမ်နီးချင်း အိန္ဒိယကလည်း ဒေသစစ်ရေးအားပြိုင်ပွဲမှာ ဆူပါဖြစ်ဖို့ မနားတမ်း ဆောင်ရွက်နေသည်။
အိန္ဒိယက ၂၀၁၅ ခုနှစ်မှာ ၄င်းရဲ့ စစ်ရေးကို မော်ဒန်နိုက်ဇ် ဖြစ်ဖို့အတွက် ဒေါ်လာ ၈၀ ဘီလီယံ အကုန်ကျခံ တည်ဆောက် နေသည်ဟု ၀ါရှင်တန်အခြေစိုက် Center for Strategic and International Studies အဖွဲ့က ပြောဆိုသည်။

အထူးသဖြင့် အိန္ဒိယက ပင်လယ်ပြင် စိုးမိုးရေးကို အဓိကထားသည်။ နောက် နှစ် ၂၀ အတွင်း နျူကလီးယား ရေငုတ်သင်္ဘောများ၊ ဖျက်သင်္ဘောများအပါအ၀င် စစ်သင်္ဘောအသစ် ၁၀၃ စီးအတွက်ချည်းပဲ ဒေါ်လာ ၄၅ ဘီလီယံ ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည်။
တရုတ်ကလည်း လာမယ့်နှစ် ၂၀ အတွက် စစ်သင်္ဘော ၁၃၅ စီး တည်ဆောက်ဖို့ ဒေါ်လာ ၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ နှိုင်းယှဉ်ကြည့်ရင် အိန္ဒိယက ခေတ်မှီသင်္ဘောတွေဖြစ်ဖို့ ငွေကြေး ပိုအကုန်ကျခံပြီး၊ ပေါချောင်ကောင်း လိုက်မ၀ယ်တာ တွေ့ရမည်။
အခုလို အိန္ဒိယ စစ်ရေးတည်ဆောက်နေတာက တရုတ်ရဲ့ စစ်ရေးရန်လိုမှု ကြုံတွေ့ရမှာကို ပူပန်စိတ်နဲ့ ပြင်ဆင်နေခြင်း ဖြစ်သည်။ ပါကစ္စတန်နဲ့ နီပေါ မော်ဝါဒီသူပုန်တွေကို နောက်က မြှောက်ပေးနေတဲ့ တရုတ်နဲ့ တစ်ချိန်မဟုတ်တစ်ချိန် ထိပ်တိုက်တိုးနိုင်တာမို့ အပူတပြင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။
အမေရိကန်အနေနဲ့တော့ အိန္ဒိယရဲ့ စစ်ရေးပြင်ဆင်မှုကို တရုတ်ရဲ့ စစ်ရေးပြင်ဆင်မှုကဲ့သို့ စိုးရိမ်မှုမရှိ။ အိန္ဒိယရဲ့ လက်နက်ကို လူလိမ္မာရဲ့ လက်ထဲက ဓားလို့ သဘောထားပြီး၊ တရုတ် စစ်အင်အားကိုတော့ အရူး လက်ထဲ ဓားရောက်နေသလို သဘောထားဟန် ရှိသည်။ သို့နှင့်တိုင် အာရှ အင်အားကြီးနှစ်နိုင်ငံရဲ့ စစ်ရေး ပြိုင်ဆိုင်မှုက သူ့အတွက် မျက်စိနောက်စရာတော့ ဖြစ်နေသည်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာပဲ တရုတ်စစ်သင်္ဘောတစ်စီးနဲ့ အီန္ဒိယ တိုက်ရေယာဉ်တို့ ဗီယက်နမ် ကမ်းရိုးတမ်းတစ်ခုမှာ ထိပ်တိုက် တွေ့ခဲ့သေးသည်။ တရုတ်က သူ့ရဲ့ ပင်လယ်ရေကြောင်းကိုဖြတ်ပြီး အိန္ဒိယသင်္ဘော ဘာကြောင့် ၀င်လာသလဲဆိုတာ မေးမြန်းခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အပစ်အခတ်များမရှိဘဲ သုံးနိုင်ငံ တိုးတိုးတိတ်တိတ် ပြေလည်စွာ ဖြေရှင်းနိုင်ခဲ့သည်။
ဤမြင်ကွင်းက၂၁ ရာစု အာရှစစ်အားအားကြီးတွေရဲ့ ထိပ်တိုက်တိုးမှု အစသာဖြစ်ပြီး၊ နောက်ပိုင်း ဒီထက်ဆိုးတဲ့ အခြေအနေတွေ တွေ့ကြရမည့် လက္ခဏာဖြစ်သည်။

No comments:
Post a Comment