Wednesday, November 9, 2011

လူသွားလာမှုကို အနှောင့် အယှက် ဖြစ်စေသည့် ကြော်ငြာ ဆိုင်းဘုတ် များကို စိုက်ထူခွင့် မပြု


news
 ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လူသွားစင်္ကြံများပေါ်တွင် လူသွား လာမှုကို အနှောင့်အယှက် ဖြစ်စေသော မည့်သည့် ကြော်ငြာ ဆိုင်းဘုတ်ကိုမျှ စိုက်ထူခွင့် မပြုတော့ကြောင်း၊ ယခု လက်ရှိ လူသွားစင်္ကြံများပေါ်တွင် ကန့်လန့်စိုက်ထူထားသော ကြော်ငြာ ဆိုင်းဘုတ်များအား သက်တမ်းပြည့်ပါက ထပ်မံခွင့်ပြုတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လူသွားစင်္ကြံများပေါ်တွင် ကန့်လန် စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ်များကြောင့် လမ်းသွားလမ်းလာများ အနှောင့်အယှက် ဖြစ်နေ၍ စိုက်ထူခွင့်မပြုတော့ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
“လူသွားစင်္ကြံပေါ်မှာ ကန့်လန့်တွေဖြစ်နေတဲ့ ကြော်ငြာဆိုင်းဘုတ်တွေကို သက်တမ်းပြည့်ရင် ထပ်ပြီးခွင့်ပြုတော့မှာ မဟုတ်တော့ဘူး။ အခုကြော်ငြာထားတဲ့ဆိုင်း ဘုတ်တွေက လနဲ့ကြော်ငြာတာရှိ သလို နှစ်နဲ့ကြော်ငြာတာလည်းရှိပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကြော်ငြာဘုတ်တွေကို သက်တမ်းကုန်ရင် ထပ်ပြီးခွင့်မပြုတော့ဘူး။ မြို့တွင်း ကအချို့နေရာတွေမှာ ကြော်ငြာ ဘုတ်တွေက လူသွားလာလို့ အဆင် မပြေဘူး။ လူတွေအတွက် အနှောင့်အယှက် ဖြစ်နေတယ်။ ကြော်ငြာ ဆိုင်းဘုတ်တွေကို ကန့်သတ်တဲ့နေရာမှာ ကြော်ငြာဘုတ်ကြီး (Bill Board) တွေကိုလည်း ထပ်မံခွင့်ပြုသင့် မပြုသင့် စဉ်းစားသွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့် တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လူသွားစင်္ကြံများပေါ်တွင် လူသွားလာမှုကို အနှောင့်အယှက်ဖြစ်စေသည့် ကန့်လန့်ကြော်ငြာ ဆိုင်းဘုတ်များ စိုက်ထူထားသည့်နေရာ အချို့မှာ ၃၄ လမ်း(အနော်ရထာ ဘလောက်)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့်ရွှေတိဂုံဘုရား လမ်းထောင့် စသည် တို့တွင်ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ကြော်ငြာဆိုင်းဘုတ်စိုက် အရေအတွက် မှာများပြားနေပြီး စိုက်ထူရန် လျှောက်ထားသည့် အရေအတွက်မှာလည်း များပြားနေကြောင်း သိရှိရသည်။
ယင်းအထဲတွင် ယာယီကြော်ငြာဘုတ်များနှင့် အမြဲတမ်း ကြော်ငြာဘုတ်များဟူ၍ ခွဲခြာထားပြီး ယာယီ ကြော်ငြာဘုတ်အတွက် နှုန်းထားအား ၁ စတုရန်းပေလျှင် ကျပ် ၃၅၀၀ နှုန်းဖြင့် ကောက်ခံခြင်းဖြစ်ပြီး အမြဲတမ်း ကြော်ငြာဘုတ် အတွက်လည်း တစ်စတုရန်းပေလျှင် ကျပ် ၃၅၀၀ နှုန်းဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ယာယီကြော်ငြာဘုတ်များ သီးသန့်စိုက်ထူနိုင်သည့် နေရာ၊ အမြဲတမ်း ကြော်ငြာဘုတ်များ သီးသန့် စိုက်ထူနိုင်သည့် နေရာများကိုလည်း သတ်မှတ်ပေးသွားရန် ရှိကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text