Tuesday, November 8, 2011

အင်္ဂလန်တွင် ကား ၃၄ စီးပါဝင်သော ယာဉ်တိုက်မှုကြောင့် လူခုနစ်ဦးခန့် သေဆုံး



w76_22   အင်္ဂလန်အနောက်တောင်ပိုင်း တွင် ဗင်၊ ထရပ်ကားအကြီးစားများ အပါအ၀င် ယာဉ် ၃၄ စီးပါဝင်သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူခုနစ်ဦးသေဆုံးခဲ့ပြီး လူ ၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ဆိုမာဆက် ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မတော်တဆမှုအတွင်း ကားအချို့သည် အစအနရှာဖွေမရအောင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လောင်ကျွမ်းနေသော ကားများထဲတွင် ပိတ်မိနေသူများထဲမှ သေဆုံးသူ တိုးလာနိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဘရစ္စတိုမြို့အနောက် တောင်ဘက်မှ ၄၅ မိုင်အကွာ၊ ဆိုမာဆက်ရှိ တန်တွန်အနီး အမ်-၅ အဝေး ပြေးလမ်းမပေါ်တွင် နိုဝင်ဘာလ ၄ ရက်၊ ည ၈ နာရီခွဲက ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း ဒီဗွန်နှင့် ဆိုမာဆက်မှ မီးလောင်သူများ ကယ် ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ယင်းနေရာတစ်ဝိုက်တွင် မိုးရွာသွန်းမှုနှင့် မြူများကျဆင်းနေမှု စသော ရာသီဥတုအခြေအနေကြောင့် ယင်းကဲ့သို့ မတော်တဆမှုဖြစ်ပွားစေသည့် အကြောင်းအချက်တစ်ခု ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ကောက်ချက်ချခဲ့သည်။
အခင်းဖြစ်ပွားရာအနီးတွင် ရပ်ဘီကလပ်တစ်ခုက မီးရှူးမီးပန်း ပစ်ဖောက်မှုပြုလုပ်ခဲ့ပြီး ယာဉ်တိုက်မှုမဖြစ်ပွားမီ ၁၀မိနစ်အလိုတွင် ပစ်ဖောက်မှုပြီးဆုံးခဲ့ကြောင်း သိရသဖြင့် ယင်းမီးရှူးမီးပန်းပစ်ဖောက်မှုသည် ယာဉ်တိုက်မှုတွင် အဓိကနေရာမှ ပါဝင်ခြင်း ရှိ၊မရှိ ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။  ယခုဖြစ်ရပ်မှာ ၁၉၉၁ ခုနှစ်၊ မတ်လက ကား ၅၁ စီးတိုက်မိခဲ့သည့်ဖြစ်စဉ်အတွင်း ဗြိတိန်တွင် လူ ၁၀ ဦးသေဆုံးခဲ့ပြီးနောက် ၁၀ စုနှစ် နှစ်ခုအတွင်း အဆိုးရွားဆုံး ယာဉ်တိုက်မှုဖြစ်ကြောင်း ကားအဖွဲ့အစည်း ဥက္ကဋ္ဌ Edmund King က ပြောကြားခဲ့သည်။  

No comments:

Post a Comment

 

Sample text

Sample Text

Sample Text