Sunday, November 27, 2011

ရဟန်းဝတ် တစ်ပါး ဆူးလေ တံတားပေါ်မှ ခုန်ချ

ရန်ကုန် မြို့လယ်ရှိ လူစည်ကားရာ ဆူးလေဘုရား ရင်ပြင်တော်နှင့် ၃၂ လမ်း တို့ကို ဆက်သွယ်ထားသော မင်္ဂလာ လူကူးတံတားပေါ်မှ စိတ်ဝေဒနာ ခံစားနေရသူ ရဟန်းဝတ် တစ်ပါး ရုတ်တရက် ခုန်ချခဲ့ကြောင်း အဆိုပါ အနီး ပတ်ဝန်းကျင်ရှိ ကိုယ်တိုင် မြင်တွေ့ခဲ့သူများက The Voice Weekly သို့ ပြောကြားသည်။
နိုဝင်ဘာလ ၂ဝ ရက်နေ့ ညနေ ၃ နာရီ ၂ဝ ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ စံပြကျေးရွာရှိ မဟာ ဗောဓိတစ်ထောင် ကျောင်းတိုက်တွင် သီတင်းသုံးလျက် ရှိသော အသက် ၃၁ နှစ် ရှိပြီး ဝါတော် ၁၂ ဝါရှိ အရှင် နန္ဒသာရ (လူအမည်) (ဦး) နိုင်လင်းသည် ဆူးလေ ဘုရားအနီး အမြင့် ၁၅ ပေရှိ မင်္ဂလာ လူကူးတံတားပေါ်မှ ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်သို့ ပထမကြီးတန်း တက်ရောက်ရန် လာရောက်ခဲ့ရာမှ တစ်ပတ် အကြာတွင် စိတ်ဝေဒနာ ခံစားရခြင်း ဖြစ်ကြောင်း ၊ ၎င်းကို မိသားစုက ရန်ကုန်မှ နေရပ်သို့ ပြန်လည်ခေါ်ယူရန် လာကြခြင်း ဖြစ်ပြီး ရန်ကုန်မှ မပြန်ခင် ဆူးလေဘုရားသို့ ဘုရားဖူးသွားရာမှယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်း သံဃာတော် အပါအဝင် ၎င်း၏ ညီ၊ အဒေါ်နှင့် ကျောင်းတွင် သီတင်း အတူတူ သုံးသော သံဃာ တစ်ပါးတို့သည် ဆူးလေ ဘုရားသို့ ဘုရားဖူး လာခဲ့ရာမှ ၎င်းသည် အခြားသူများ သတိ မထားမိချိန်တွင် တံတားပေါ်မှ ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း ဆူးလေ ဂေါပကရုံးမှ တာဝန်ရှိသူများ ထံမှ သိရသည်။
" သူက တံတားဘောင်ကို ကျော်ပြီး သံလက်ရန်း ကနေ ဆောင်ကြောင့်ထိုင် လိုက်ပြီး ခုန်ချလိုက်တာ ရိပ်ကနဲပဲ မြင်လိုက်ရတယ် " ဟု ဆူးလေဘုရား အနီးတွင် ကွမ်းယာရောင်းသူ တစ်ဦးက ဆိုသည်။
၎င်းမှာ လမ်းမပေါ်သို့ မျက်နှာဖြင့် ကျသွားပြီး သတိမရတော့ကြောင်း၊ ထိုအချိန်တွင် မီးပွိုင့်မှာ နီနေပြီး တနင်္ဂနွေနေ့ ဖြစ်ကာ လမ်းများ ရှင်းနေသောကြောင့် အသက်အန္တရာယ် မရှိခြင်း ဖြစ်ကြောင်း အဆိုပါ လမ်းဆုံအနီးတွင် တာဝန်ကျနေသူ ယာဉ်ထိန်းရဲ တစ်ဦးက ပြောကြားသည်။
၎င်း သံဃာတော်၏ မျက်နှာတွင် ဒါဏ်ရာ ရရှိသွားသည့် အတွက် တာဝန်ကျ ယာဉ်ထိန်းရဲက ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ လိုက်လံ ပို့ဆောင် ပေးခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text