ရန်ကုန်-ဒီဇင်ဘာ ၂၀- ၂၀၁၁
CDMA ဖုန်းများကို ယခု ၂၀၁၁ နှစ်ကုန်အထိသာ ခွင့်ပြု ချထားပေးတော့မည် ဖြစ်ကြောင်း မြန်မာဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် ဧရာဝတီ သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း၌ လက်ရှိချထားပေးနေသော CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများကို သတ်မှတ် အလုံးရေ ပြည့်သည့် အထိသာ ချထားပေးမည်ဖြစ်ပြီး အလုံးရေ တိုးချဲ့ချထားရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။
“သတ်မှတ်အလုံးရေ ပြည့်ရင် ပြီးပြီ၊ အလွန်ဆုံး ဒီနှစ်ကုန်မှာ အားလုံး အပြီးသတ်နိုင်တယ်။ ထပ်မချပေးတော့ဘူး။ ကျွန်တော်တို့ဌာနက တိုးချဲ့ ချထားမယ့် မိုဘိုင်းဖုန်းလိုင်း လေးသန်း စီမံကိန်းမှာ CDMA မပါဘူး၊ GSM သီးသန့်ပဲ” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုပါသည်။ CDMA ဖုန်းများအတွက် အင်တာနက် သုံးဆွဲခွင့် လျောက်ထားခြင်းကိုလည်း ၂၀၁၁ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန်-မန္တလေး- နေပြည်တော် လမ်းမကြီး တစ်လျောက် GSM BTS လိုင်းဆွဲအားမြင့် တာဝါတိုင်များ စိုက်ထူလျက်ရှိပြီး အဆိုပါ ဆိုလာစနစ်သုံး တာဝါတိုင်များ စိုက်ထူပြီးပါက ရန်ကုန်-မန္တလေး- နေပြည်တော် လမ်းမကြီး တစ်လျောက် GSM ဖုန်းများ လိုင်းပြတ်တောက်မှု မရှိတော့ကြောင်း ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် ဧရာဝတီ သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

No comments:
Post a Comment