Sunday, December 11, 2011

ကားဟောင်းအပ်ခွင့် ခေတ္တရပ်နားမည့် ကိစ္စ သံရည်ကြို စက်ရုံများပေါ် မူတည်

ကားဟောင်းအပ်ခွင့် ခေတ္တရပ်နားမည့် ကိစ္စ သံရည်ကြို စက်ရုံများပေါ် မူတည်
ကားဟောင်း အစားထိုး ကားသစ် တင်သွင်းခွင့် စနစ်အရ ကားဟောင်း အပ်နှံမှုကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက လက်ခံလျက် ရှိရာ ' ည ' အက္ခရာ အထိ ရောက်ရှိနေပြီး ' ည ' အက္ခ ကုန်သွားပါက ဆက်တိုက် ဆက်လက် လက်ခံမည်၊ လက်မခံမည်ကို သံရည် ကြိုစက်များ၏ လက်ခံနိုင်စွမ်းနှင့် အခြား အကြောင်းအရာများ ပေါ်တွင် မူတည် စဉ်းစား နေကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။
"ကားဟောင်း လက်ခံနေမှုကို (နားမယ်လို့) မဆုံးဖြတ် ရသေးပါဘူး။ ဘာမှ တိတိကျကျ မဆုံးဖြတ်နိုင် သေးပါဘူး။ ကားဟောင်း လက်ခံတဲ့ သံရည်ကြိုစက် တွေရဲ့ လက်ခံနိုင်မှု ကိုလည်း ကြည့်ရတယ်။ ကားသစ်တွေ ဝင်လာတော့ ကားသစ်တွေ အများစုက ရန်ကုန်နဲ့ မန္တလေးကို ဝင်ကြတာ ဆိုတော့ ရန်ကုန်နဲ့ မန္တလေးမှာ ကားကြပ်လာမယ့် ဆိုးကျိုး တွေလည်း ထည့်သွင်း စဉ်းစားနေ ရတယ် " ဟု ၄င်းက ရှင်းပြသည်။
' ည ' အက္ခရာ ပြီးပါက နောက်ပိုင်း အက္ခရာများ ဆက်လက် မခံသေးဘဲ ခေတ္တ ရပ်နားထားမည် ဆိုသော သတင်းများ ကားဈေးကွက် အတွင်း ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနကို The Voice Weekly က ဆက်သွယ် မေးမြန်းရာ ၄င်းက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
လက်ရှိတွင် ကားဟောင်းများ အပ်နှံမှုကို အင်းစိန် မြို့နယ် ရွာမ သံရည်ကြိုစက်နှင့် မြင်းခြံ သံရည်ကြို စက်ရုံတို့တွင် လက်ခံ နေပြီး နေ့စဉ် ကားဟောင်း လက်ခံမှု ပမာဏမှာ လာရောက် အပ်နှံသည့် ကားများထက် များစွာ နည်းပါး နေသဖြင့် အပ်နှံ လိုသည့် ကားဟောင်းများ သုံးရက်ခန့် အချိန်ယူ စောင့်ဆိုင်း ရကြောင်း ယာဉ်ဟောင်း အပ်နှံသူများနှင့် ဈေးကွက် အတွင်းမှ စုံစမ်းသိရှိ ရသည်။
"ကားဟောင်းတွေ တန်းစီနေလို့ ကိုယ့်အလှည့် ကျဖို့ သုံးရက်လောက် စောင့် နေရတယ်။ နယ်ကားတွေ ပါလာတော့ အပ်ကားတွေ အရမ်း များနေတယ် " ဟု အင်းစိန်ရွာမ သံရည်ကြို စက်ရုံတွင် ကားဟောင်း အပ်ရန် စောင့်ဆိုင်းနေသူ ယာဉ်ပိုင်ရှင် တစ်ဦးက ဆိုသည်။
ကားဟောင်း အပ်နှံမှုများ ခေတ္တ ဆိုင်းငံ့ထားမည် ဆိုသည့် သတင်းများ ရန်ကုန် ကားဈေးကွက်တွင် ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် နေမှုကြောင့် ကားဟောင်း အပ်နှံပြီးကြောင်း၊ သက်သေ အထောက်အထား (စလစ်) နှင့် ကားသွင်းခွင့် ပါမစ် ဈေးနှုန်းများ အနည်းငယ် ပြန်တက် လာကြောင်း၊ ကားသွင်းခွင့် ပါမစ် မူလ နိုဝင်ဘာ လဆန်းက ကျပ်သိန်း ၉၀ ကျော်ကျော် သာရှိရာမှ ယခု ကျပ် ၁၀၅ သိန်းအထိ ဈေးပြန်ရကြောင်း ရန်ကုန် ကားဝယ်ရောင်း ဈေးကွက်အတွင်းမှ သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text