အိန္ဒိယ နိုင်ငံသား အိုင်တီ စွန့်ဦးတီထွင်သူ တစ်ဦး ဖြစ်သည့် Sabeer Bhatia မှာ လွန်ခဲ့သည့် အင်္ဂါနေ့က အခမဲ့ စာတိုပို့ စနစ်တစ်ခုကို တည်ထွင် ထုတ်လုပ်ခဲ့ပြီး ယခု အသစ်ထုတ်လုပ်မှုမှာ ၎င်း၏ ပထမဆုံး ထုတ်လုပ်မှု တစ်ခုဖြစ်သော Hotmail ကဲ့သို့ပင် ထိုးဖောက်နိုင်သည့် ဆန်းသစ်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်လာစေမည် ဖြစ်သည်ဟုလည်း ကတိပေး ပြောကြား လိုက်သည်။လွန်ခဲ့သည့် ၁၅ နှစ်က အခမဲ့ email ဝန်ဆောင်မှုတစ်ခု ဖြစ်သည့် Hotmail ကို နောက်တစ်ဦးနှင့် ပူးပေါင်း တီထွင်ခဲ့သူ Bhatia မှပြောရာ၌ ၎င်းတီထွင်လိုက်သည့် JaxtrSMS အမည်ရ စာတိုပို့စနစ်သစ်မှာ Hotmail မှ email လောကတွင် အောင်မြင်သကဲ့သို့ပင် ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ မွမ်ဘိုင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောရာ၌ ယခုအသစ် တီထွင်လိုက်သည့် JaxtrSMS မှာ မိုဘိုင်းဖုန်း အသုံးပြုသူများ အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားသော မိုဘိုင်းဖုန်း သုံးစွဲသူများထံသို့ စာတိုများ ပေးပို့နိုင်မည်ဖြစ်ပြီး အခြားသော မိုဘိုင်းဖုန်းများတွင် JaxtrSMS စနစ်မရှိသော်လည်း စာများကို လက်ခံနိုင်မည် ဖြစ်သည်ဟု ပြောခဲ့သည်။
အခြားသော မိုဘိုင်းအခမဲ့ စာတိုပို့စနစ်များမှာ ယင်းတို့၏ စနစ်မရှိသော အခြားသော မိုဘိုင်းဖုန်းများသို့ ပေးပို့နိုင်သည့် စနစ်မျိုး မရှိကြောင်းလည်း သိရသည်။ ယခု application ကို အခမဲ့ download ရယူနိုင်မည် ဖြစ်ကာ အိန္ဒိယနိုင်ငံတွင် ကောင်းစွာ အသုံးပြုနေပြီ ဖြစ်သည့် စမတ်ဖုန်းများဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ အိန္ဒိယနိုင်ငံမှာ မိုဘိုင်း ဆက်သွယ်မှု လုပ်ငန်းများတွင် ရှေ့မှ ဦးဆောင်နေသည့် နိုင်ငံတစ်ခု ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုဘိုင်းဖုန်း သုံးစွဲသူပေါင်း သန်း ၈၅၀ ရှိကြောင်းလည်း သိရသည်။

No comments:
Post a Comment