၂၀၁၂ နှစ်ဆန်းပိုင်းကာလတွင် Call Centre ဝန်ဆောင်မှု စတင်နိုင်မည်ဖြစ်

အဆိုပါ Call Centre ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက “ဥပမာအားဖြင့် ကျန်းမာရေးကိစ္စတစ်ခုမှာ ဘယ်ရောဂါကို အဓိကကိုင်တွယ်တဲ့ ဆရာဝန်နဲ့ တွေ့ချင်ပါတယ်လို့ အသုံးပြုသူက ဖုန်းခေါ်ဆိုဆက်သွယ်လာရင် ကောစင်တာအနေနဲ့ သက်ဆိုင်ရာချိတ်ဆက်ထားတဲ့ ဆရာဝန်နဲ့ ကြားခံဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုပဲ တခြားသော ကဏ္ဍတွေမှာလည်း ဒီလိုအလားတူပုံစံနဲ့ ဝန်ဆောင်မှုပေးသွားမှာပါ”ဟု ပြောသည်။
အဆိုပါစင်တာမှာ ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားမည်ဖြစ်ပြီး ထိုဝန်ဆောင်မှုကို အသုံးပြုလိုသူများ အနေဖြင့် ကြိုတင်ငွေဖြည့်ကတ်များဖြင့် ကန့်သတ်သတ်မှတ်ထားသည့် ငွေပမာဏအတွင်း ယင်းစင်တာသို့ သိလိုသည့်အချက်ဟူသမျှ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ စတင်ဝန်ဆောင်မှု ပေးနိုင်မည့်အချိန်မှာ ၂၀၁၂ နှစ်ဆန်းပိုင်းကာလတွင်ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူကဆိုသည်။
ရန်ကုန်မြို့တွင် ယခုကဲ့သို့ တယ်လီဖုန်းဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ကာ အများပြည်သူ သိလိုသည့် အချက်အလက်များကိုပေးခြင်း၊ ကြားခံဆက်သွယ်မှုများ ပြုလုပ်ပေးခြင်း စသည့် ဝန်ဆောင်မှုကို လွန်ခဲ့သည့် ၂၀၀၈ခုနှစ်ဝန်းကျင်ကပင် အခြားသော နည်းပညာကုမ္ပဏီအချို့က ဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တင်ပြထားခြင်းများရှိခဲ့သော်လည်း ယင်းကဲ့သို့ စတင်အကောင်အထည်ဖော်လိုသည့် ကုမ္ပဏီများက အကောင်အထည်ဖော်ခွင့် မရခဲ့ပေ။
ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှာ အစိုးရ၏ တရားဝင်ခွင့်ပြုချက်ရရှိထားသည့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများကို တစ်ဦးတည်း ဆောင်ရွက်ခွင့်ရသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဘလူးအိုးရှင်းကုမ္ပဏီမှာမူ ယင်းကုမ္ပဏီနှင့် အခြားသော သတင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းများ ပူးတွဲဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

No comments:
Post a Comment