
မြန်မာ့မီးရထား၏ မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများ၊ အမြန်ရထားနှင့် ကုန်တင်ရထားများ အားလုံးသည် ၁၅-၁၁-၂ဝ၁၁ ရက်မှစတင်ကာ ဈေးနှုန်းသုံးဆနှင့် ငါးဆအထိ တက်သွားပြီဖြစ်ကြောင်း ၇-၁၁-၂ဝ၁၁ ရက်တွင် မြန်မာ့မီးရထားက တရားဝင်ကြော်ငြာစာ ကပ်ထားပြီးဖြစ်ကြောင်း သိရသည်။ ထုတ်ပြန်လိုက်သော စာရင်းများအရ မြို့ပတ်နှင့်ဆင်ခြေဖုံး ပြေးဆွဲပေးနေသည့် ရထားများ၏ ဈေးနှုန်းမှာ ယခင်မြို့တစ်ပတ် ခရီးစဉ်စဆုံး ၂ဝကျပ်မှ ယခု ၁ဝဝကျပ်အထိ ငါးဆတိုးမြှင့်သွားခဲ့ကာ မည်သည့်ခရီးစဉ်ကိုမဆို ၁ဝဝကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ယင်းငွေ ၁ဝဝကျပ်မှာ မည်သည့် ခရီးစဉ်အတွက်ကိုမဆို တစ်ရက်လျှင် ခရီးစဉ်နှစ်ခုအသုံးပြုနိုင်ကြောင်း သိရသည်။
"၆ရက်နေ့ည ၆နာရီကျော်ကျော်လောက် ကတည်းက ဈေးနှုန်းတိုးမြင့်တဲ့ ကြော်ငြာစာရွက်လာကပ်သွားတာပါ" ဟုပါရမီဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းကြော်ငြာတွင် လသုံးလက်မှတ်ဝယ်ယူ သုံးစွဲသူများအတွက် ခရီးသည်၊ဝန်ထမ်းတစ်ဦးလျှင် ယခင် ၃၅ဝကျပ်မှ ယခု ၁၇ဝဝ ကျပ်နှင့်ကျောင်းသူ၊ကျောင်းသား တစ်ဦးလျှင် ၁၁၅ဝကျပ်အထိ တိုးမြှင့်လိုက်ကြောင်း သိရပြီး တန်ဆာခအတွက်ကိုမူ ၅ဝကျပ်ကောက်ခံမည်ဟု သိရသည်။ ရန်ကုန်ဘူတာကြီးမှ နေ့စဉ်ပြေးဆွဲလျက်ရှိသော နယ်ဒေသသွား စာပို့လော်ကယ်ရထားများ မှာမူ ယခင်တစ်မိုင်လျှင် သုံးကျပ်နှုန်းထားမှ ယခု ကိုးကျပ်သို့လည်းကောင်း၊ အမြန်ရထားရိုးရိုးတန်းနှုန်းထားကို တစ်မိုင်လျှင် ယခင်လေးကျပ်နှုန်းမှ ၁၂ကျပ်သို့လည်းကောင်း သက်ဆိုင်ရာ အတန်းအလိုက် သုံးဆစီတိုးမြှင့်သွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တိုးမြှင့်သတ်မှတ်ရခြင်းမှာ ယခင်က ဒီဇယ်ဆီတစ်ဂါလန်လျှင် ၁၆ဝကျပ်အချိန်က သတ်မှတ်ခဲ့သော ရထားလက်မှတ်ဈေးနှုန်းများကို ယခု ဒီဇယ်ဆီတစ်ဂါလန်လျှင် ကျပ်၃ဝဝဝ ဝန်းကျင်ဖြစ်လာသည့်အတွက် ၁၉ဆအနီးပါး မြင့်တက်လာသော ဒီဇယ်ဈေးနှုန်းကို လိုက်မီရန်နှင့် နှစ်စဉ် အရှုံးခံပြေးဆွဲပေး နေရမှုကို အနည်းငယ်ကာမိစေရန်နှင့် ရထားလမ်းများအဆင့်မြှင့် တင်နိုင်စေရန်တို့အတွက် ရည်ရွယ်ကြောင်း သိရသည်။ မြန်မာ့မီးရထား၏ မြို့ပတ်၊ ဆင်ခြေဖုံးရထားများတွင် နေ့စဉ်လူတစ်သိန်း သုံးသောင်းကျော် ပုံမှန်ပို့ဆောင်ပေးလျက် ရှိနေသည်ဟု သိရပြီး ၇-၁၁-၂၀၁၁ရက် ထုတ်ပြန်ခဲ့သော ရထားလက်မှတ်ခ ၁ဝဝကျပ်မှာ နေ့စဉ် အရှုံးများထဲမှာ အနည်းငယ် ရုန်းထွက်လာနိုင်မည်ဟု သိရသည်။

No comments:
Post a Comment